သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး အချေအတင်


၂၀၀၈ ဖွဲ့စည်းပုံစာအုပ်
၂၀၀၈ ဖွဲ့စည်းပုံစာအုပ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းဖို့ NLD ပါတီက ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတရပ် တင်သွင်းခဲ့တဲ့ လုပ်ရပ်ဟာ၊ ဖွဲ့စည်းပုံပါ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ထောက်ပြ ပြောဆိုနေပေမဲ့၊ တိုင်းရင်းသားတွေအပါအဝင် နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုကို တင်သွင်းခဲ့ရတာဖြစ်တယ်လို့ NLD ပါတီကိုယ်စားလှယ်ဘက်က ရှင်းလင်းပြောကြား လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းဖို့ဆိုတဲ့ အရေးကြီးအဆိုတရပ်ကို တင်သွင်းခဲ့တာကြောင့် လွှတ်တော်တွင်း အခြားပါတီတွေ နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကြားမှာပါ ကန့်ကွက်ဝေဖန်သံတွေ ဆူညံသွားပါတယ်။

NLD ပါတီရဲ့အရေးကြီးအဆိုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပါ အချက်အလက် လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ကြာသပတေးနေ့ လွှတ်တော်စည်းဝေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားပါတယ်။

“ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ကာ ကိုယ်စားလှယ် ၂၀%ကနေပြီးတော့ လက်မှတ်ထိုးပြီးတော့ ဥပဒေ မူကြမ်းအဖြစ်တင်မယ်၊ ဒါကိုဆွေးနွေးကြမယ် ဒါကို ကျနော်တို့ အကြိမ်ကြိမ်ပြောပြီးသားဖြစ်ပါတယ်။ ဒီလိုသူ့လမ်းကြောင်းအတိုင်း မသွားပဲနဲ့ ကျော်လွန်ပြီး လုပ်ဆောင်တာပါ။ အခုတော့ ဒီရှိတဲ့ဥပဒေတွေကို ဘေးချိတ်ထားပြီးတော့ ဥပဒေကိုကျော်လွန်ပြီး တဖက်လှည့်နဲ့ပေါ့ ကော်မတီထဖွဲ့ပါတယ်။ ကေ်ာမတီဖွဲ့ပြီးတော့မှ သူတို့ တခြားသောနည်းလမ်းနဲ့ ပြင်ဖို့ဆိုပြီး လုပ်လာတဲ့အခါကျတော့ ကျနော်တို့ ဒါကိုထောက်ပြတယ်။ ကျနော်တို့ ထောက်ပြပေမယ့်လည်း ကျနော်တို့ရဲ့ဟာကို အရေးယူဆောင်ရွက်မှု မလုပ်ဘူး။”

NLD ပါတီရဲ့အဆိုဟာ အရေးကြီးအဆို ဆိုတဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ထောက်ပြပါတယ်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်လာတာ ၂၀၀၈ ခုနှစ်က ပေါ်လာတာ၊ ဒီဟာနဲ့ပတ်သက်လို့လည်းပဲ အဲဒီ ဆန့်ကျင်ဖက်အဖွဲ့စည်းတွေက ပြင်ရမယ် ပြင်ရမယ်လို့ အဲဒီကတည်းက တောက်လျှောက်ပြောလာတာ ။ အဲ့ဒီတော့ လောလောဆယ် ဖြစ်ပေါ်လာတဲ့ ကိစ္စမဟုတ်ဘူးဆိုတာကတော့ သေချာတယ်။နောက် ဒုတိယ အချက်ကလည်း အများပြည်သူနဲ့သက်ဆိုင်တယ်လို့ ဆွဲယူလို့တော့ ရတာပေါ့လေ၊ ဒါပေမဲ့ ပြင်မယ်လို့ပြောတာက ပြင်ချင်တဲ့သူ လူတစုပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မကိုက်ညီဘူးလို့ ပြောလို့ရတယ်။ နောက်နံပါတ် ၃ အချက်က လွှတ်တော်က အဆုံးအဖြတ်ပေးရမယ့်ကိစ္စ ၊ ဒါကတော့ နည်းနည်းတော့ အငြင်းပွားစရာရှိတယ် ကိုယ်တို့အဆိုတွေ တော်တော်များများကိုလည်း အဲဒီလွှတ်တော်က ဆုံးဖြတ်ချက် ရယူရမယ့် ကိစ္စမဟုတ်ဘူးလို့ ပယ်ချတာလဲရှိတယ်။ အဲဒါကို ပြန်ပြီးတော့ နည်းဥပဒေတွေ ပြန်လှန်ကြည့်ရင် ဒီအထဲမှာ ဒီလွှတ်တော်က အဆုံးအဖြတ် ရယူရမယ်ဆိုတဲ့ကိစ္စဆိုတာ သီးခြား ဖော်ပြထားတာမရှိဘူး။ အဲဒီတော့ အရေးကြီးအဆိုအဖြစ် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ မကိုက်ညီဘူးလို့ တွေ့ရတာပေါ့နော်။”

တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး NLD ပါတီက အခုလို အဆိုတင်သွင်းရတာဟာ နောင်အနာဂတ် မျိုးဆက်သစ်တွေ အတွက်ရည်စူးပြီး လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ရှင်းပြပါတယ်။

“ နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက် သူတို့ရဲ့သားသမီးမြေးမြစ်တွေအတွက်ဘယ်လိုနိုင်ငံမျိုးကို ထားခဲ့မလဲဆိုတာ ဒို့စဉ်းစားပေးမယ်၊ အဲ့ဒီမှာ ဝိုင်းစဉ်းစားကြရအောင်။ ရည်ရွယ်ချက်ကတော့ အဲ့ဒါပဲ။ ကျနော်တို့က ဘာကိုတော့ပြင်မယ် ဘာကိုတော့မပြင်ဘူးဆိုတာ ခုဘာမှ ပြောမထားဘူး။ ဘာလို့လည်းဆိုတော့ ညှိနှိုင်းချက် အဖြေပေါ်မှာ မူတည်ပြီးတော့ သွားမယ်။ အဲဒီတော့ အကောင်းဆုံးကတော့ ရှင်းရှင်းပြောရရင် ဘယ်အစုရဲ့ အကျိုးစီးပွားအတွက် ဘယ်အစုကို ပယ်ထုတ်ဖို့ ဘယ်အစုကို လက်ခံဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ သွားမယ့်အစား၊ လက်ရှိ ရှိတဲ့အနေအထား ကနေပြီးတော့ တကယ့် အနာဂတ်နိုင်ငံတော်နဲ့ အခုသွားနေတဲ့လမ်းကြောင်းနဲ့ အမြဲတမ်းထာဝရ ငြိမ်းချမ်းရေးတို့ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဆိုတဲ့ ကိစ္စရပ်တွေမှာ အထောက်အကူပြုသွား ပေးစေနိုင်တဲ့ ကိစ္စရပ်တွေကို ၊ ဥပမာ တိုင်းရင်းသားတွေ အပါဝင် လက်နက်ကိုင်အဖွဲ့စည်းတွေ အပါအဝင်၊ အားလုံးဟာ အပြန်လှန် ယုံကြည်မှုကို ရရှိသွားနိုင်မယ့် ရှုထောင့်တခု အဆင့်တခုကိုများ လုပ်ပေးလိုက် နိုင်မယ်ဆိုရင်တော့၊ နိုင်ငံတော်အတွက် သိပ်ကောင်းမှာပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါတင်သွင်းတာပါ။”

NLD ကအဆိုတင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေရော၊ တိုင်းရင်းသားပါတီနဲ့ အခြား ပါတီတွေရဲ့ ကိုယ်စားလှယ်တွေပါ အားလုံးပါဝင်ရမှာ ဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံထဲက ဘယ်ပုဒ်မကို ပြင်မလဲဆိုတာကိုတော့ အတိကျပြောဆိုခြင်း မရှိသေးပါဘူး။

ဗိုလ်မှူးချုပ်မောင်မောင်ကတော့ လွှတ်တော်တွင်း လုပ်ဆောင်ချက်တွေကိုကြည့်ရင် ဒီမိုကရေစီသဘော မဆန်တာတွေ တွေ့နေရကြောင်း ဝေဖန်လိုက်ပါတယ်။

“ ဒီလို လွှတ်တော်တွေထဲမှာ ကိုယ်စားလှယ်အများစုနဲ့ အနိုင်ရထားတော့၊ ဒို့ကတော့ ကိုယ်စားလှယ်အများစု ရှိတယ် ဒို့ကတော့ မဲခွဲရင်တော့ နိုင်မှာပဲဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်လာတယ်ဆိုတော့ဒီလိုလုပ်ရပ်တွေဟာ ..။ ကျနော်တို့က ပြောလိုက်ရင်တော့ ဒီမိုကရေစီ… ဒီမိုကရေစီပဲ ဒါပေမဲ့လည်း ကျနော်တို့ အခုလုပ်နေတာတွေဟာဒီမိုကရေစီသဘော မဆန်ဘူး အဲလိုတွေ့နေရတယ်။ ကျနော်တို့တင်ပြတိုင်း တင်ပြတဲ့ကိစ္စကို လုံး၀ ချက်ချင်းပဲ ပယ်ဖျက်လိုက်တယ်။ ဆက်ပြီးတော့ မဲမခွဲပါနဲ့ မဲခွဲရမယ့် ကိစ္စမဟုတ်ပါဘူးလို့ပြောလည်း မဲခွဲပြီး ဆုံးဖြတ်လိုက်တာပဲ။ ဒီဟာတွေနဲ့ ပတ်သတ်ပီးတော့လည်း ကျနော်တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော် နာယကဆီကို တရားဝင် စာနဲ့တင်ပြပြီးတော့မှ ကန့်ကွက်ထားတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒါနဲ့ပတ်သတ်ပြီးတော့ ဆွေးနွေးဖို့ကိစ္စကိုတော့ ကျနော်တို့အားလုံး ဝိုင်းဝန်းပြီးတော့ ဆွေးနွေးထားပြီးပြီ။ ဒါပေမယ့် လက်ရှိကတော့ ကျနော်တို့ အဆုံးအဖြတ် မလုပ်ကြသေးပါဘူး။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တပ်မတော်က သဘောတူထားပြီးဖြစ်ကြောင်းနဲ့ ၊ ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်သင့်ပြင်ထိုက်တဲ့ အချိန်မှာ ပြင်ဆင်သွားဖို့ သဘောတူထားတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပေမယ့် အသေးစိတ်ကို ရှင်းပြသွားခြင်း မရှိခဲ့ပါဘူး။

ဖွဲ့စည်းပုံပြင်ဆင်ရေး အချေအတင်
please wait

No media source currently available

0:00 0:05:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG