အစ္စရေးလ်နိုင်ငံအနေနဲ့ ကျူးကျော်တဲ့လုပ်ရပ်ကနေ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်ရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ပြောပါတယ်။ ဆီးရီးယားနိုင်ငံထဲက အီရန်နဲ့ ဆီးရီးယားပစ်မှတ် တဒါဇင်ထက်မနည်းကို စနေနေ့မှာ အစ္စရေးလ်က တိုက်ခိုက်ပြီးတဲ့ နောက် အမေရိကန်ကာကွယ်ရေးဌာနက အဲဒီလိုပြောတာပါ။
အစ္စရေးလ်နိုင်ငံဟာ ဒေသတွင်းမှာ မိမိတို့ရဲ့ အနီးကပ်ဆုံး လုံခြုံရေးပိုင်းမဟာမိတ်ဖြစ်ပါတယ်၊ သူ့ရဲ့နယ်မြေနဲ့လူထုအပေါ် ခြိမ်း ခြောက်မှုတွေကို ခုခံကာကွယ်ရေး အစ္စရေးလ်ရဲ့ မွေးရာပါအခွင့်အရေးကို မိမိတို့ အပြည့်အဝ ထောက်ခံပါတယ်လို့ ပန်တဂွန် စစ် ဌာနချုပ်ပြောခွင့်ရ Adrian Rankine-Galloway က ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ အမေရိကန်မပါဘူးလို့လည်း ဆိုပါတယ်။
ဆီးရီးယားနိုင်ငံထဲက အီရန် ကျော်ထောက်နောက်ခံပေးထားတဲ့ နေရာတွေကို လေကြောင်းကနေတိုက်ခိုက်ပြီး ပြန်လာတဲ့ အစ္စရေးလ်စစ်လေယာဉ်တစင်းကို ပစ်ချလိုက်တဲ့ လေယာဉ်ပစ်လက်နက် ရှိတဲ့နေရာတွေကို အစ္စရေးလ်က စနေနေ့မှာ တုန့်ပြန် တိုက်ခိုက်တာပါ။
အစ္စရေးလ်က လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် ဆီးရီးယားနိုင်ငံဟာ အစ္စရေးလ်ရဲ့ နောက်ထပ်ရန်လိုမှုကို တုန့်ပြန် လုပ်ဆောင်နေတယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက စနေနေ့မှာပြောပါတယ်။
စနေနေ့က အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုအတွင်း ဆီးရီးယားစစ်တပ်က လေယာဉ်ပစ်လက်နက်နဲ့ အစ္စရေးလ် F-16 တိုက်လေယာဉ်ကို ပစ်ချလိုက်တာဖြစ်ပါတယ်။