ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း Kharkiv ဒေသမှာ ပြီးခဲ့တဲ့သောကြာနေ့က ပြင်းထန်တဲ့ထိုးစစ်တွေဆင်နွှဲပြီး ရွာ ၉ ရွာထက်မနည်း သိမ်းပိုင်နိုင်ခဲ့တယ်လို့ ရုရှားစစ်ဖက်က ပြောပါတယ်။
တနင်္ဂနွေနေ့တုန်းက နယ်စပ်ကနေရာ ၅ ခုမှာ ရုရှားစစ်တပ်က ၂၂ ကြိမ်ထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိ ဆက်လက်တိုက်ခိုက်နေတဲ့နေရာ ၁၄ ခုရှိတယ်လို့ ယူကရိန်းစစ်ဖက်က ပြောပါတယ်။ Kharkiv ဒေသတွင်း အခြေအနေတွေရှုပ်ထွေးပြီး အရှိန်အဟုန်နဲ့ပြောင်းလဲနေတယ်လို့လည်းပြောပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရန်သူရဲ့ မော်တာကျည်တွေကျရောက်ပေါက်ကွဲခဲ့တဲ့ မြို့နဲ့ ရွာပေါင်း ၃၀ ကျော်ရှိတယ်လို့ Kharkiv ဒေသအုပ်ချုပ်ရေးမှူး Oleh Syniehubov က သူ့ရဲ့လူမှုစာမျက်နှာမှာ တနင်္လာနေ့က ရေးပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၉ ဦးထက်မနည်းရှိတယ်လို့လည်း ပြောပါတယ်။ ရုရှားစစ်လေယာဥ်တွေကကြဲချတဲ့ ဗုံးဒဏ်သင့်ဧရိယာတချို့လည်းရှိနေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုစတင်ခဲ့တဲ့အချိန်ကစလို့ လက်ရှိချိန်ထိ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၆,၀၀၀ ကျော်ရှိတယ်လို့လည်း သူကပြောပါတယ်။ စစ်မဖြစ်ခင်က လူဦးရေ ၂,၅၀၀ ရှိတဲ့ ဗောချန်ဆတ်ခ် နယ်စပ်မြို့မှာခုတော့ လူ၂၀၀- ၃၀၀ လောက်ပဲကျန်တယ်လို့လည်းဆိုပါတယ်။
တနင်္ဂနွေနေ့က မြို့ထဲက ဗုံးတွေအကြီးအကျယ်ကျရောက်ပြီး မြို့ထဲကအိမ်တွေ မီးဘေးသင့်ခဲ့ရတယ်လို့လည်း အုပ်ချုပ်ရေးမှူး အိုလက်က ပြောပါတယ်။ Kharkiv ဒေသထဲက နေရာ ၄ ခုမှာ စစ်ရေးနည်းဗျူဟာတွေပြောင်းလဲကျင့်သုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာပြောပါတယ်။
Forum