သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ နှစ်ရက်အလို ကြိုတင်မဲပေးသူ ၇၆သန်းကျော်


Early voting in US general election
Early voting in US general election

နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် နှစ်ရက်အလို တနင်္ဂနွေနေ့မှာတော့ ပါတီကြီးနှစ်ရပ်က သမ္မတလောင်းနှစ်ဦးဟာ မဲအကြိတ်အနယ်ရှိနေတဲ့ပြည်နယ်တွေကို သွားရောက်မဲဆွယ်နေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris ဟာ Michigan ပြည်နယ်ဖက်မှာ မဲဆွယ်စည်းရုံးနေပါတယ်။ Michigan ပြည်နယ် မဲစစ်တမ်းတွေအရတော့ နှစ်ဖက်ထောက်ခံမှုအရေအတွက်က သိပ်ကပ်နေပြီး၊ ဘယ်သူနိုင်မလဲဆိုတာ အဖြူအမည်း မကွဲနိုင်ဖြစ်နေပါတယ်။ မဲတွက်ချက်မှုတွေအရဆိုရင်တော့ မဲအကြိတ်အနယ်ရှိနေတဲ့ ပြည်နယ် ခုနှစ်ခုရှိပြီး ပြည်နယ် လေးခုနဲ့အထက်မှာ အနိုင်ရမယ့် သမ္မတလောင်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက် သမ္မတဖြစ်လာဖို့ရှိနေပါတယ်။

ရီပတ်ပလင်ကန်သမ္မတလောင်း Donald Trump ကတော့ မဲအကြိတ်အနယ်ရှိနေတဲ့ ပြည်နယ်သုံးခုဖက်ကို သွားရောက်ပြီး သူမဲအသာရမယ်လို့ မျှော်လင့်ထားတဲ့ ကျေးလက်ဒေသ မြို့ငယ်လေးတွေမှာ လူထုစည်းဝေးပွဲတွေ ပြုလုပ်နေပါတယ်။ သမ္မတဟောင်း Trump ဟာ တခုတနင်္ဂနွေနေ့ Pennsylvania ပြည်နယ် Lititz မြို့မှာ သူ့မဲဆွယ်ပွဲစတင်ပြီး အဲဒီနောက် နေ့လည်မှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က Kinston မြို့ဆီ ဦးတည်ခဲ့ပါတယ်။ အဲဒီနောက် ညနေပိုင်းမှာတော့ Georgia ပြည်နယ် Macon မြို့မှာ လူထုစည်းဝေး မဲဆွယ်ပွဲပြုလုပ်ပါတယ်။

ဒုသမ္မတ Harris ဟာ Michigan ပြည်နယ်က အမေရိကန်‌မော်တော်ကားထုတ်လုပ်ငန်းတွေရှိတဲ့ Detroit မြို့က လူမည်း ဘုရားကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကတော့ Livernois နဲ့ Pontiac ကားစက်ရုံတွေကို သွားခဲ့ပြီး ညနေပိုင်းမှာတော့ East Lansing မှာရှိတဲ့ Michigan ပြည်နယ် တက္ကသိုလ်မှာ လူထုစုဝေး မဲဆွယ်ပွဲလုပ်ခဲ့ပါတယ်။

အခုအချိန်အထိဆိုရင်တော့ စာတိုက်ကရော လူကိုယ်တိုင်ပေးတဲ့မဲရော မဲဆန္ဒရှင် ၇၆ သန်းကျော် မဲပေးခဲ့ပြီလို့ Florida တက္ကသိုလ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲပေးသူ ၁၅၈သန်းရှိခဲ့တာကြောင့် အခု ကြိုတင်မဲပေးမှုအရေအတွက်ဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးသူဦးရည်ထက်ဝက်နီးပါး ရှိလာပါတယ်။

ကန်ရွေးကောက်ပွဲ နှစ်ရက်အလို ကြိုတင်မဲပေးသူ ၇၆သန်းကျော်

Forum

XS
SM
MD
LG