သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ အမျိုးသမီးသတ္တိရှင်ဆု လူ့အခွင့်အရေး လှုပ်ရှားသူတွေ ချီးမြှင့်ခံရ


ကမ္ဘာတဝှမ်းက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဂုဏ်ပြုချီးမြှင့်တဲ့ Women of Courage အမျိုးသမီး သတ္တိရှင်ဆု လက်ခံရရှိသူတွေဟာ ကမ္ဘာတဝှမ်းက လူမှုရေး တက်ကြွလှုပ်ရှားသူတွေအတွက် လေးစားအားကျ အတုယူစရာ ဖြစ်ပါတယ်လို့ အမေရိကန် သမ္မတကတော် Michaelle Obama က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အမျိုးသမီးသတ္တိရှင်ဆုပေးပွဲ အခမ်းအနားအကြောင်းကိုတော့ နိုင်ငံခြားရေးဌာနကနေ ဗွီအိုအေ သတင်းထောက် Scott Stearns က သတင်းပေးပို့ထားပါတယ်။

Tajikistan နိုင်ငံမှာ အမျိုးသမီးတယောက်ဟာ မဲပေးခွင့်ရဖို့အတွက် ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို တွန်းလှန် တိုက်ပွဲဝင်နိုင်ခဲ့တယ် ဆိုတာ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုတွေ ဘယ်လို တော်လှန်ခဲ့တယ် ဆိုတာနဲ့အတူ လူတိုင်း လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်မှာ နေ့တဓူ ကြုံတွေ့ရတဲ့ တရားမမျှတမှုတွေကို ရင်ဆိုင် တွန်းလှန်ရဲတဲ့ သတ္တိခွန်အား အနည်းငယ်မျှနဲ့ပဲ ဖြစ်ဖြစ် ဒီလို စွမ်းဆောင်နိုင်ကြသူတွေ ဖြစ်တယ်ဆိုတာကို သိရှိအောင် ဒီနှစ် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရသူတွေက လုပ်ပေးလိုက်တာပဲလို့ အမေရိကန်သမ္မတကတော် Michaelle Obama က ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောသွားပါတယ်။

"ကျမတို့ အသီးသီး ကြုံတွေ့ကြရတဲ့ အခြေအနေတွေ ကွဲလွဲကောင်း ကွဲလွဲနိုင်တဲ့တချိန်တည်းမှာ ကျမတို့ ဆင်နွှဲနေတဲ့ တိုက်ပွဲတွေရဲ့ ရလဒ်တွေကတော့ နေရာအတော်တော်များများမှာ အတူတူပါပဲ။ ဒီအမျိုးသမီးတွေက သူတို့ရဲ့ အသံတွေကို လူတွေ ပိုမို သိလာအောင် လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။ တခြားသူတွေကိုလည်း အပြောင်းအလဲတွေ ဖန်တီးနိုင်အောင် စွမ်းရည်မြင့်တင်မှုတွေ လုပ်ပေးနေတာကို ကြည့်ရင် ကျမတို့အနေနဲ့လည်း ဒီလို လုပ်ဆောင်နိုင်တဲ့ စွမ်းအားနဲ့ တာဝန်ဝတ္တရားတွေ လူတိုင်းမှာရှိတယ် ဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။"

ဒီနှစ် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရသူတွေထဲမှာတော့ Tajikistan နိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Oinikhol Bobonazarova၊ ဆော်ဒီအာရေးဗီးယားက အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ Maha Al Muneef၊ ဂျော်ဂျီယာနိုင်ငံက Baptist ဘုန်းတော်ကြီး Rusudan Gotsiridze၊ ဂွာတီမာလာ နိုင်ငံက ဥပဒေပညာရှင် Iris Yassmin Barrios Aguilar၊ ယူကရိန်းနိုင်ငံက Ruslana Lyzhychko၊ ဇင်ဘာဘွေနိုင်ငံက လူ့အခွင့်အရေးရှေ့နေ Beatrice Mtetwa၊ Fiji နိုင်ငံက Roshika Deo၊ မာလီနိုင်ငံက Fatimata Toure၊ အက်ဆစ်နဲ့ပက် တိုက်ခိုက်မှုတွေကို ဆန့်ကျင်လှုပ်ရှားနေတဲ့ အိန္ဒိယနိုင်ငံက Laxmi တို့ ပါဝင်ပါတယ်။

ဆုလက်ခံရရှိသူတွေ အားလုံးရဲ့ကိုယ်စား ၂၀၁၄ ဆုရှင်တဦးဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံက ဆရာဝန်တဦးဖြစ်တဲ့ Nasrin Oryakhil က ခုလို ပြောသွားခဲ့ပါတယ်။

"အမျိုးသမီးတယောက်၊ မိခင်တယောက်ရဲ့ တကယ်စစ်မှန်တဲ့ အရေးပါမှုကို နားလည်လက်ခံပြီး၊ မှန်ကန်တဲ့ အသိအမှတ်ပြုမှုတွေ ရှိလာတဲ့ ပတ်ဝန်းကျင်တခုကို သူတို့ခံစားရတဲ့နေ့ တနေ့မှာတော့ ကမ္ဘာတဝှမ်း အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝလာမှာ ဖြစ်ပါတယ်။"

အခုလို ကမ္ဘာတဝှမ်းက ရဲစွမ်းသတ္တိရှင် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေဟာ ဘေးလူတွေပါ ပါဝင်လှုပ်ရှားလာအောင် လှုံ့ဆော် နိုင်ခဲ့တယ်လို့ လည်း သမ္မတကတော် Michaelle Obama က ပြောသွားပါတယ်။

"ကျမတို့တွေ ပုံမှန် ကိုယ့်အလုပ်ကိုယ်လောက်ပဲ အာရုံစိုက်ပြီး နေလို့မရတော့ပါဘူး။ ဒါဟာ တခြားသူတွေရဲ့ ပြဿနာပဲ၊ ငါ့ ပြဿနာ မဟုတ်ဘူးလို့ ဆိုပြီး ရပ်ကြည့်နေလို့ မရတော့ပါဘူး။"

ကမ္ဘာတဝှမ်း ရဲစွမ်းသတ္တိရှင် အမျိုးသမီးတွေကို ပေးအပ်တဲ့ ဒီဆုကို ၂၀၁၂ ခုနှစ်တုန်းက မြန်မာနိုင်ငံက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ၈၈ မျိုးဆက် နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်လည်း လက်ခံရရှိခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတယောက် ဒီဆု လက်ခံရရှိခဲ့တာနဲ့ ပတ်သက်လို့ ဆု လက်ခံရယူခဲ့ချိန်က မဇင်မာအောင်က ဗွီအိုအေကို ခုလို ပြောခဲ့ပါတယ်။

“သူတို့ပထမ Priority တွေထဲမှာက ကျမက နိုင်ငံရေးအကျဉ်းသူအဖြစ်နဲ့ ၁၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရတယ်။ နောက်ပြီးတော့ ပြန်လွတ်လာတဲ့အခါကျတော့လည်း ကျမက နိုင်ငံရေးအလုပ်တွေကို ဆက်ပြီး လုပ်နေတုန်းပဲ။ နောက်ပြီးတော့ ဒီမိုကရေစီ မြှင့်တင်ရေးတွေကို ဆက်လုပ်နေတုန်းပဲ။ နောက်ပြီးတော့ နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်လာတဲ့ အခန်းကဏ္ဍမြှင့်တင်မှုပေါ့နော် ဒါတွေလုပ်နေတယ်။ ပြီးသွားတော့ ကချင်ပြည်နယ်နဲ့ပတ်သက်လို့ Peace Process နဲ့ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့အရေး ငြိမ်းချမ်းရေးကို လုပ်တဲ့အခါမှာ ဆောင်ရွက်တဲ့အခါမှာ တခြားသော မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီးတော့ ဒီငြိမ်းချမ်းရေး မြှင့်တင်မှုကို အမျိုးသမီးတယောက်အနေနဲ့ ဆောင်ရွက်နေတဲ့အတွက်ကြောင့်လို့ သူတို့ ပြောပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆုဟာ ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ် ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၄ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်းက အမျိုးသမီး ၁၀ ဦး လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG