အမေရိကန် အစိုးရယန္တရား လည်ပတ်မှုတချို့ ရပ်ဆိုင်းထားတာ ၅ ရက်မြောက်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ အထိ အမေရိကန်-မက္ကဆီကို နယ်စပ် တံတိုင်းတည်ဆောက်ရေးအတွက် သမ္မတ Donald Trump တောင်းထားတဲ့ ဘတ်ဂျက်ကိစ္စ အဆင်ပြေမယ့် အခြေ အနေတော့ မတွေ့ရသေးပါဘူး။
တံတိုင်းတည်ဆောက်ရေး အတွက် သူတောင်းခံထားတဲ့ လိုအပ်တဲ့ရံပုံငွေ ဒေါ်လာ ၅ ဘီလျံ ရတဲ့ အချိန်အထိ အစိုးရ ယန္တရားတချို့ ဆက်လက် ရပ်ဆိုင်းထားနိုင်ချေ ရှိတယ်လို့ သမ္မတ Trump က အင်္ဂါနေ့မှာ ပြောခဲ့တာပါ။ ဘယ်အချိန်မှာ ပြန်လည် လည်ပတ်နိုင်မယ် ဆိုတာ မပြောနိုင်သေးပေမယ့် နယ်စပ်တံတိုင်း အတွက် ရံပုံငွေရရင်တော့ ပြန်လည်ပတ်ဖို့ ဖြစ်လာနိုင်တယ်လို့ သူပြောနိုင်ကြောင်း သမ္မတ Trump က သူ့ Oval ရုံးခန်းကနေ ပြည်ပမှာ တာဝန်ကျနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ ဗွီဒီယိုကတဆင့် နှုတ်ဆက်စကား ပြောကြားချိန်မှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။
အစိုးရယန္တရား ၄ ပုံ ၁ ပုံ ရပ်ဆိုင်းထားရတဲ့အတွက် အလုပ်မဆင်းကြရတဲ့ သိန်းနဲ့ချီတဲ့ ပြည်ထောင်စု အစိုးရဝန်ထမ်း တွေကလည်း သူ့ရဲံ တံတိုင်း တည်ဆောက်ဖို့ လိုလားတယ် လို့လည်း သမ္မတ Trump က ပြောပါတယ်။ ဒါပေမယ့် အဲဒီလို ပြောဆိုမှုအတွက် သမ္မတမှာ ခိုင်လုံတဲ့ အထောက်အထား ပြစရာတော့ မရှိပါဘူး။
အစိုးရယန္တရားတွေ ရပ်ဆိုင်းထားရတာကို ဒီမိုကရက်တွေဘက်က အဆုံးသတ်ပေးဖို့ သမ္မတ Trump က တနင်္လာနေ့မှာ တောင်းဆိုလိုက် သလို လွှတ်တော်မှာ ရှိတဲ့ ဒီမိုကရက် ခေါင်းဆောင်တွေဘက်ကလည်း သမ္မတဟာ တိုင်းပြည် ကသောင်းကနင်း ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အပြစ်တင် နေကြတာပါ။