အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးအတွက် သူတောင်းထားတဲ့ ဘတ်ဂျက် မရမချင်း အစိုးရယန္တရား လည်ပတ်မှုတချို့ ဆက်လက် ရပ်ဆိုင်းထားမယ်လို့ သမ္မတ Donald Trump က အင်္ဂါနေ့မှာ ပြောကြားလိုက်တဲ့အတွက် အစိုးရယန္တရား ရပ်ဆိုင်းထားရမှုတွေ အဆုံးသတ်မယ့်အရေးနဲ့ အလှမ်းကွာဝေးနေဆဲ ဖြစ်ပါတယ်။
အစိုးရ ယန္တရားတွေ တချို့ ရပ်ဆိုင်းထားရမှုတွေ ဘယ်တော့ အဆုံးသတ်မယ်ဆိုတာကို သူ့အနေနဲ့ မပြောနိုင်ကြောင်း၊ ဒါပေမယ့် နယ်စပ်တံတိုင်းဘဲဖြစ်ဖြစ်၊ နယ်စပ် ခြံစည်းရိုးဘဲဖြစ်ဖြစ် ဘယ်လိုဘဲ ခေါ်ခေါ် အဲဒီအတွက် သူတောင်းထားတဲ့ ဘတ်ဂျက် မရမချင်း အစိုးရလုပ်ငန်းတချို့ကို ဆက်ပြီး ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း အိမ်ဖြူတော် Oval ရုံးခန်းကနေ ပြည်ပမှာ တာဝန်ကျနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ ဗွီဒီယိုကတဆင့် စကားပြောကြားစဉ် သမ္မတ Trump က ထည့်သွင်း ပြောဆိုခဲ့တာပါ။
အစိုးရယန္တရား ၄ ပုံ ၁ ပုံ ရပ်ဆိုင်းထားရတဲ့အတွက် အလုပ်မဆင်းကြရတဲ့ ပြည်ထောင်စုအစိုးရ ဝန်ထမ်း ထောင်ပေါင်းများစွာဟာလည်း မက္ကဆီကိုနယ်စပ်မှာ တံတိုင်း တည်ဆောက်မယ့်ကိစ္စကို ထောက်ခံကြကြောင်း သမ္မတ Trump က ပြောပါတယ်။ ဒါပေမယ့် အဲဒီလို ပြောဆိုမှုအတွက် သမ္မတမှာ ခိုင်လုံတဲ့ အထောက်အထား ပြစရာ မရှိပါဘူး။
အစိုးရယန္တရားတွေ ရပ်ဆိုင်းထားရမှုကို ဒီမိုကရက်တွေဘက်က အဆုံးသတ်ပေးဖို့ သမ္မတ Trump က တနင်္လာနေ့မှာ တောင်းဆိုလိုက်သလို ဒီမိုကရက်တွေဘက်ကလည်း သမ္မတဟာ တိုင်းပြည် ကသောင်းကနင်းဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အပြစ်တင် ပြောဆိုကြပါတယ်။