သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပို့ကုန်နည်းပြီး ဈေးကစားမှုကြောင့် ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်း ၁၅၆၀ အထိကျဆင်း


အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က ၁၅၄၂ ကျပ်သတ်မှတ်ထားပေမဲ့ ဒီကနေ့ ပြင်ပ ငွေလဲနှုန်းမှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၆၀ အထိ ကျပ်ငွေတန်ဖိုး ကျနေဆဲဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာလည်း အလားတူ ငွေတန်ဖိုးကျဆင်းတာတွေ ကြုံနေရပေမယ့် မြန်မာနိုင်ငံမှာတော့ ပို့ကုန် လျော့နည်းနေတာ၊ ဈေးကစားတာတွေကြောင့် ငွေတန်ဖိုး ဆက်ပြီး ကျဆင်းတဲ့ဒဏ်ကို ခံနေတာလို့ ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်ပေးပို့ပေးထားပါတယ်။

ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ညွှန်းကိန်း တက်နေတဲ့အချိန်ဖြစ်တာကြောင့် ဒေသတွင်း နိုင်ငံတွေအားလုံးမှာလည်း ငွေတန်ဖိုးတွေ ကျဆင်းတဲ့ဒဏ်ကို ခံနေရပါတယ်။ မြန်မာနိုင်ငံမှာ ပို့ကုန်နည်းတာ၊ ဒေါ်လာစုဆောင်းတာ တွေကြောင့် ကျပ်ငွေတန်ဖိုးကို ထိန်းထားနိုင်အောင် ကြိုးစားရာမှာ အခက်အခဲတွေ ရှိတဲ့အကြောင်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောပါတယ်။

“ကျွန်မတို့ regional အပါအဝင်အကုန်လုံး တန်ဖိုးကျနေတဲ့အချိန်မို့လို့ တန်ဖိုးကျတာပါ။ ဒါပေမဲ့ ကျွန်မတို့ နိုင်ငံမှာကျတော့ သူများနိုင်ငံ တွေထက် ပိုပြီးတန်ဖိုးကျတဲ့အကြောင်းကတော့ ကျွန်မတို့က export earning နည်းတဲ့နိုင်ငံဖြစ်ပြီးတော့ inport များတဲ့နိုင်ငံဖြစ်တဲ့အခါ ကျတော့ ကျွန်မတို့ currencyက ပိုပြီးတန်ဖိုးကျနေတာပေါ့။ အဓိကတော့ အိတ်စပို့ earning ပေါ့ အိတ်စပို့ earning မရှိတဲ့အခါကျတော့ ဈေးကွက်ထဲမှာလည်း နိုင်ငံခြားငွေကခုနကပြောသလို စိုးရိမ်ပူပန်မှုတွေနဲ့ ဝယ်တာတွေဘာတွေ ကိုင်ထားတာတွေ၊ ဈေးတက်မယ်လို့ ထင်ပြီးတော့ လိုက်ဝယ်တာတွေ ဒါမျိုးတွေလည်း ပိုရှိတာပေါ့။ ပိုများတာပေါ့။ သူများဈေးကွက်မှာ မတွေ့တာတွေလည်း ကျွန်မတို့မှာတွေ့ရ တာပေါ့။”

ဗဟိုဘဏ်အနေနဲ့ ဒေါ်လာဈေးတက်လာတာကို စောင့်ကြည့်နေပြီး ပြည်တွင်းဘဏ်တွေကိုလည်း အနီးကပ်ထိန်းကျောင်းတာတွေ ဆောင်ရွက် နေတယ်လို့လည်း ဒေါ်မေတိုးဝင်းက ပြောပါတယ်။

အခုနှစ် ငါးလပိုင်းက ငွေလဲနှုန်းအရ တဒေါ်လာကို မြန်မာငွေနဲ့ ကျပ် ၁၃၀၀ကျော် ရှိခဲ့ပေမယ့်၊ ရှစ်လပိုင်းမှာ ကျပ် ၁ ၅၇၀ အထိ ရောက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဈေးကွက်ကို ထိန်းနိုင်ဖို့ သန်းနဲ့ချီ ဒေါ်လာတွေကို ဗဟိုဘဏ်က ထုတ်ရောင်းတာ၊ ချေးတာတွေ လုပ်ခဲ့သလို၊ မလိုအပ်တဲ့သွင်းကုန်တွေ လျော့ချဖို့ စီစဉ်လုပ်ကိုင်နေတဲ့အကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အရာရှိတွေက ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ငွေတန်းဖို့ အနည်းငယ် ပြန်ကျသွားခဲ့ပေမယ့် အခု တစ်ဒေါ်လာကို ၁၅၆၀ အထိ ပြန်ရောက်လာတာဖြစ်ပါတယ်။

ကျပ်ငွေတန်ဖိုး ကျတဲ့ တစ်=ချိန်တည်းမှာပဲ ရွှေတစ်ကျပ်သား ဆယ်သိန်းနီးပါး ဖြစ်လာပြီး လောင်စာ ဆီဈေးတွေလည်း တရိပ်ရိပ်တက်နေတာကြောင့် အကျိုးဆက်အဖြစ် အခြေခံစားကုန်တွေ အပေါ် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။

စီးပွားရေးပညာရှင်တွေကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် မခိုင်မာမှုကြောင့် တခြားနိုင်ငံတွေထက် ပိုပြီး အထိနာသလို၊ ငွေတန်းဖိုးကျဆင်းတဲ့ ဒဏ်ကို ရေရှည်ပို ခံရနိုင်တယ်ဆိုပြီး သုံးသပ်ပြောဆိုနေကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG