သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံစတင်


ဖေဖော်ဝါရီလ ၁၅ရက်က ကာလီဖိုးနီးယားပြည်နယ်၊ Sunnylands တွင် ကျင်းပပြုလုပ်သော အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် မြန်မာနိုင်ငံ ဒု-သမ္မတ ဦးညဏ်ထွန်းကို သမ္မတ ဘားရက် အိုဘားမားက ကြိုဆို နှတ်ဆက်နေစဉ်။ ဓါတ်ပုံ (AP Photo/Pablo Martinez Monsivais)
ဖေဖော်ဝါရီလ ၁၅ရက်က ကာလီဖိုးနီးယားပြည်နယ်၊ Sunnylands တွင် ကျင်းပပြုလုပ်သော အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် မြန်မာနိုင်ငံ ဒု-သမ္မတ ဦးညဏ်ထွန်းကို သမ္မတ ဘားရက် အိုဘားမားက ကြိုဆို နှတ်ဆက်နေစဉ်။ ဓါတ်ပုံ (AP Photo/Pablo Martinez Monsivais)

အမေရိကန် ပြည်ထောင်စုက ပထမဦးဆုံးအကြိမ် တာဝန်ယူပြီး ကျင်းပတဲ့ အမေရိကန် အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ဖို့အတွက် အမေရိကန် သမ္မတ ဘားရက်အိုဘားမားနဲ့ အာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ကာလီဖိုးနီးယားပြည်နယ်၊ Sunnylands မှာ ရောက်ရှိနေကြပါပြီ။ ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်ကျင်းပမယ့် ညီလာခံမတိုင်ခင် ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး Susan Rice က အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများ ASEAN အဖွဲ့ကြား ဆက်ဆံရေးဟာ ခိုင်မာ အားကောင်းနေတဲ့ အကြောင်း၊ ဆွေးနွေးပွဲမှာ ဆိုရင်လည်း လူ့အခွင့်အရေး ကိစ္စကို ထည့်သွင်းပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ အပြည့်အစုံကို ထိပ်သီးအစည်းအဝေးကျင်းပရာ ကာလီဖိုးနီးယားပြည်နယ်၊ Sunnylands မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

အမေရိကန် ပြည်ထောင်စုက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံ ကျင်းပတဲ့ အမေရိကန် အာဆီယံ ထိပ်သီး အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ရက် တနင်္လာနေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်က Rancho Mirage အရပ်မှာ ရှိတဲ့ Sunnylands ခြံဝင်းကြီးထဲမှာ ကျင်းပဖို့ ရှိပြီးတော့ ဒီအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားအပါအဝင် အာဆီယံ ဆယ်နိုင်ငံက အစိုးရအဖွဲ့ အကြီးအကဲတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ စုဝေးရောက်ရှိနေပြီဖြစ်ပါတယ်။ အခု ထိပ်သီး အစည်းအဝေးဟာ သမ္မတ အိုဘားမားလက်ထက်က စတင်ခဲ့တဲ့ Asia Pivot အာရှ ချိန်ခွင်လျှာ ညှိရေး မူဝါဒရဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ သမတ အိုဘားမားရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် မစ္စ Rice ကတနင်္လာနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“အာဆီယံဟာ အာရှရဲ့ အရေးကြီးလှတဲ့ အသဲနှလုံးပဲဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာရေး၊ လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာရေး စသဖြင့် တပြေးညီ ခံယူတဲ့ မူတွေအပေါ်မှာ တည်ထောင် ဖွဲ့စည်းထားတာ ဖြစ်ပြီး၊ ဒီအာဆီယံ ဆယ်နိုင်ငံ အဖွဲ့ကြီးဟာ အမေရိကန် ပြည်ထောင်စုအတွက် သဘာ၀ သိပ်ကို ကျလှတဲ့ မဟာမိတ် အဖွဲ့ကြီးပါပဲ။ ဒါကြောင့်ပဲ ကနဦး အစကတည်းက အမေရိကန် ပြည်ထောင်စုရဲ့ အာရှ ချိန်ခွင့်လျှာ ညှိတဲ့ ပေါ်လစီမှာ အဓိကဦးစားပေးခဲ့တာလည်း ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုနဲ့ အာရှဒေသကြား ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်အတွင်း အကြီးအကျယ် တိုးတက် ခဲ့တယ်လို့ မစ္စ Rice က ပြောပါတယ်။

“၂၀၀၉ ခုနှစ်မှာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။ အရှေ့အာရှ ထိပ်သီးညီလာခံမှာ ပါဝင်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဆိုင်ရာ သီးခြား သံရုံးထူထောင်ပြီး အာဆီယံ အဖွဲ့နဲ့ ဆွေးနွေးဖက် ပထမဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ ဂျကာတာက အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ အခြေစိုက်တဲ့ သံအမတ်တယောက်ကို ခန့်အပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အာဆီယံလူငယ်ခေါင်းဆောင်အစီအစဉ် YSEALI ကို စတင် ပြီး အခုဆိုရင် လူငယ်ခေါင်းဆောင်အဖွဲ့ဝင် ၆၀,၀၀၀ ကျော်ရှိနေပါပြီ။”

အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား စီးပွားရေးအရဆက်ဆံမှု တိုးတက်နေတာကိုလည်း မစ္စရိုက်စ်က ထောက်ပြ ပြောသွားပါတယ်။ အခုဆိုရင် အာဆီယံနဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဟာ ဒေါ်လာဘီလီယံ ၂၅၀ ထိရှိလာပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းကနေဆိုရင် ၅၅% တိုးတက်လာတယ်လို့ဆိုပါတယ်။ အာဆီယံဒေသဟာ အမေရိကန်ပြည်ထောင်စုအတွက် စတုတ္ထအကြီးဆုံး ကုန်တင်ပို့တဲ့ဒေသ ဖြစ်လာနေပြီ လို့လည်း မစ္စရိုက်စ်က ပြောသွားပါတယ်။

အခု အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပတဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်မယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

ဒီလိုအရေးကြီးတဲ့ကာလမှာ သမ္မတဦးသိန်းစိန် နိုင်ငံတွင်းမှာရှိနေဖို့ဟာ ကာလီဖိုးနီးယား မှာ ထိပ်သီးအစည်းအဝေး လာတက်တာထက် ပိုပြီးအရေးကြီးတယ်လို့ ယူဆတဲ့အတွက် အစည်းအဝေးမတက်ဖို့ ဆုံးဖြတ် တာဖြစ်တဲ့အကြောင်း သမ္မတရဲ့ပြောခွင့်ရသူ လည်းဖြစ်၊ ပြန်ကြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောထားပါတယ်။

မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ အမေရိကန်ပြည်ထောင်စုက ထောက်ခံ ပံ့ပိုးပေးနေတဲ့ ဒီမိုကရေစီဆိုင်ရာ အစီအစဉ်တွေကနေ စည်းမျဉ်းစည်းကမ်းတွေပေါ်မှာ အခြေခံတဲ့ လုပ်ကိုင်ပုံတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး အားပေးတဲ့ အဖွဲ့အစည်းတွေကို တည်ဆောက်ပေးနေတယ်လို့ အမေရိကန်-အာဆီယံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဖော်ပြထားပါတယ်။

မစ္စရိုက်စ်ကလည်း အာဆီယံဒေသက မိတ်ဖက်နိုင်ငံတချို့မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အများကြီးလုပ်ရဦးမယ် ဆိုတာကို သတင်းစာရှင်းလင်းပွဲအတွင်း အသိအမှတ်ပြု ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ တခြားနေရာတွေမှာ လုပ်ဆောင်သလိုပဲ လူထုအားလုံးရဲ့ အခွင့်အရေး အတွက် ဆက်ပြီး ရပ်တည်လုပ်ဆောင်သွားပါမယ်။ ဒီအချက်ကို ပြီးခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်မှာ အာဆီယံ ၁၀ နိုင်ငံစလုံးက လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ကျမတွေ့ဆုံချိန်အတွင်း အလေးအနက် ပြောခဲ့ပါတယ်။ သမ္မတအနေနဲ့လည်း အမြဲတမ်းပြောနေသလိုပဲ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ တက်ကြွ အားကောင်းတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း၊ စွမ်းဆောင်ရည် ပြည့်ဝတဲ့၊ တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အရေးကြီးပုံကို အလေးထားပြီး ပြောဆိုပါလိမ့်မယ်။”

အခုထိပ်သီး အစည်းအဝေးအတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာတော့ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဆိုင်ရာ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ရေးနည်းလမ်းတွေ၊ ပစိဖိတ်ရပ်ဝန်းဒေသ ကုန်သွယ်ရေးဆိုင်ရာျ သဘောတူညီချက် TPP ဆိုင်ရာကိစ္စတွေ၊ သက်ဆိုင်ရာ လူထုတွေကြား ဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာကိစ္စတွေ၊ အကြမ်းဖက် အစွန်းရောက်ဝါဒကို တန်ပြန် နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ စသည်အားဖြင့် အကြောင်းအရာ မျိုးစုံ ပါဝင်ပါတယ်။

ထိပ်သီး အစည်းအဝေး စတင်တဲ့ တနင်္လာနေ့ ညနေပိုင်းမှာ ဆန်းသစ်တီထွင်မှု ရှိသော စွန့်ဦး တီထွင် အာဆီယံ စီးပွားရေး အဝန်းအဝိုင်းကို အားပေးမြှင့်တင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြပါမယ်။ ညဘက်မှာတော့ သမ္မတ အိုဘားမားက အလုပ်သဘော ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံပြီး ဒေသတွင်း မဟာဗျူဟာ အမြင်ကို ဆွေးနွေးကြမှာပါ။ အစည်းအဝေး ဒုတိယရက် အင်္ဂါနေ့ မနက်ပိုင်းမှာ အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေးနဲ့ လုံခြုံရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြဖို့ရှိပါတယ်။

သမ္မတ အိုဘားမား အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီထိပ်သီး အစည်းအဝေး ကို မြန်မာနိုင်ငံက ဒုတိယသမ္မတ ဦးဉာဏ် ထွန်း၊ ဘရူနိုင်းစော်ဘွား၊ လာအို သမ္မတ၊ ဖိလစ်ပိုင် သမ္မတ၊ အင်ဒိုနီးရှား သမ္မတ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်၊ စင်္ကာပူ ဝန်ကြီးချုပ်၊ ဗီယက်နမ် ဝန်ကြီးချုပ်၊ မလေးရှား ဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြပါတယ်။ မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေ အားလုံးက အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက် ကြတာကို တွေ့ရပါတယ်ခင်ဗျား။

XS
SM
MD
LG