သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာတွေ ဘက်မလိုက်ဖို့ ကော်မရှင်သတိပေး


မတိကျ မမှန်ကန် ဘက်လိုက်တဲ့သတင်းတွေဟာ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရေးကို ထိခိုက်စေနိုင်တာကြောင့် သတင်းဌာနတွေဟာ မီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရေးသားထုတ်လွှင့်ကြဖို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရပ်တည်ချက်ကို ဝေဖန်တာတွေရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရွေးကော်ပွဲကော်မရှင် UEC ရဲ့သတိပေးထုတ်ပြန်ချက်ဟာ BBC (မြန်မာပိုင်းအစီအစဉ်) ရဲ့ ၁၈ ရက်နေ့မနက်ပိုင်း ရေဒီယိုသတင်းထုတ်လွှင့်ချက်အပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။

UEC ရဲ့ ကြေညာချက်မှာ အပိုဒ် ၁ မှာ BBC (မြန်မာပိုင်းအစီအစဉ်) ရဲ့ ထုတ်လွှင့်ချက်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ ကိုအောင်ဆိုသူကပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရေဒီယိုနဲ့ငွေကြေးပေးပြီး မဲဆွယ်နေကြောင်းနဲ့ လူအများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုသာ စိတ်ဝင်စားပြီး အစိုးရဖွဲ့နိုင်မယ်မျှော်လင့်နေကြောင်းပြောဆိုချက်ကို ထုတ်လွှင့်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အပိုဒ်၂ မှာတော့ ငွေပေးမဲဆွယ်ပါက ရွေးကောက်ပွဲဥပဒေအရ တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်၊ ငွေဒဏ် (၂) ရပ်ပေါင်းချမှတ်နိုင်ကြောင်းနဲ့ ပါတီစည်းရုံးရေးလုပ်ငန်းအပေါ်သုံးသပ်ချက်ကို ဖော်ပြပါတယ်။

နောက်ပိုင်းမှာတော့ မတိကျမမှန်ကန် ဘက်လိုက်တဲ့ သတင်းတွေဟာ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရေးကို ထိခိုက်နိုင်ကြောင်းနဲ့ သတင်းဌာနတွေဟာ မီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရေးသားထုတ်လွှင့်ကြဖို့ကို UEC က တိုက်တွန်းထားပါတယ်။

UEC ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဦးဆောင်အဖွဲ့ဝင် ဦးဇော်သက်ထွေးက အခုလို သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မည်သည့်မီဒီယာမဆို လွတ်လပ်စွာ သတင်းယူခွင့်ရှိတယ်၊ လွတ်လပ်စွာ သတင်းရေးပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကတော့ ကျနော်တို့အနေနဲ့ ကိုင်စွဲထားရမှာပါ။ ထုတ်ပြန်ကြေညာချက်ကို ကြည့်တဲ့အခါကျတော့ ကော်မရှင်ကနေပြီး သူ့ရဲ့ dignity အတွက် တိုက်ရိုက်တုံ့ပြန် ဆောင်ရွက်တာမျိုး၊ အရေးယူတာမျိုးမဟုတ်ဘဲနဲ့ မီဒီယာကျင့်ဝတ်နဲ့အညီရေးသားဖို့ လှမ်းပြီး တိုက်တွန်းတဲ့ပုံစံကိုသာ တွေ့ရတာပေါ့လေ။ ဒါကြောင့်မို့လို့ ကျန်တဲ့မီဒီယာတွေကိုပါ ဒီဟာနဲ့ပတ်သက်ပြီး သတိထားမိအောင်လို့ လှမ်းပြီး ဟန့်လိုက်တဲ့ပုံစံလို့ ယူဆတယ်။”

သက်ဆိုင်ရာသတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့သတင်းအပေါ် ခိုင်မာမှုရှိကြောင်း သက်သေပြလိုက်ရင် သတင်း တိကျခိုင်မာမှုနဲ့ပတ်သက်တဲ့ သံသယတွေ ကင်းစင်သွားမယ်လို့ ယုံကြည်ကြောင်းလည်း ဆက်ပြောပါတယ်။

“ဘီဘီစီ အနေနဲ့ ဘာလုပ်သင့်လဲဆိုတော့ သူတို့ရဲ့ရေးသားထုတ်လွှင့်ချက်နဲ့ပတ်သက်ပြီးတော့ မှန်ကန်တယ်၊ အပြည့်အဝတာဝန်ယူတယ်၊ ဒီသတင်းတွေ ဟာ လုပ်ကြံထားတဲ့သတင်းမဟုတ်ဘဲနဲ့ တကယ့်မြေပြင်မှာ ဖြစ်ပျက်ခဲ့တဲ့သတင်းတွေကို ရယူပြီးတော့မှ ပြည်သူလူထုသိရှိရန်တင်ဆက်ခဲ့ခြင်းဖြစ်တယ် ဆိုတဲ့အချက်လိုမျိုး ထုတ်ပြန်လိုက်မယ်ဆိုရင်တော့ ဒီ သံသယတွေ၊ ဒီအငြင်းပွားမှုတွေဟာ ရှင်းလင်းသွားမယ်လို့ ထင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ရေးသားချက်အပေါ်မှာ တာဝန်ယူနိုင်မှု မရှိရင်တော့ အခုလိုပဲ မကြာခဏ ကြုံတွေ့နိုင်ပါတယ်။ ကျနော့်အနေနဲ့တော့ အဲလိုမြင်ပါတယ်။”

ရွေးကောက်ပွဲကာလ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်နေတဲ့ Myanmar Institute for Democracy က တာဝန်ရှိသူ ဦးအောင်စိုးမြင့်ကတော့ UEC ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က မီဒီယာရဲ့ဖော်ပြပုံအထိကို လိုက်ပြီးတော့ ထုတ်ပြန်ကြေညာချက်တွေလုပ်နေတာတွေကို ကျနော်တို့တွေ့ရတယ်။ အဲဒီတော့ သူ့အနေနဲ့ တကယ်တန်းဖြစ်သင့်တာက ရွေးကောက်ပွဲဥပဒေချိုးဖောက်တယ်ဆိုလို့ရှိရင် သူအရေးယူဖို့ပဲလိုတယ်။ ကျနော် မြင်တာကတော့။ ဘီဘီစီနဲ့ပတ်သက်ပြီး ထုတ်တဲ့ဟာမှာ ဘာမှမဆိုင်တဲ့အချက်တစ်ချက် ထည့်ပြောတယ်ဗျ။ ကျနော် အတိအကျစကားလုံးနဲ့ သူပြောတဲ့အတိုင်း ဖတ်ပြမယ်၊ ‘ NLD အလံထောင်ထားပြီး နဖူးစည်းထားသူတို့အား အခြားပါတီမှ ယခုကဲ့သို့ ငွေပေးမဲဆွယ် စည်းရုံးမည်မဟုတ်ပါ။ ငွေပေးစည်းရုံးပါကလည်း သိက္ခာချလို၍ လုပ်ကြံဆောင်ရွက်ချက်သာဖြစ်မည်ဟု ယူဆရပါသည်’ ဆိုတာ ကျနော့်အမြင်အရဆိုရင် ဒီမီဒီယာနဲ့ပတ်သက်ပြီးတော့ ဖော်ပြမှုအပိုင်းနဲ့ အဲဒီစာသားနဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။ မီဒီယာနဲ့မပတ်သက်ဘဲနဲ့ တခြားပါတီရဲ့စည်းရုံးရေးကိစ္စကို ဒီ statement ထဲမှာလာပြီး ရောပြီးထုတ်လာတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ ဒါဟာ ဘာသဘောလဲဆိုတာကို နည်းနည်း စဉ်းစားဖို့သင့်ပါတယ်။”

မြန်မာနိုင်ငံရေးသုံးသပ်သူ ဦးစိန်ကျော်လှိုင်ကလည်း UEC ရဲ့ ကြေညာချက်အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က ပြောထားတဲ့အချက်က မီဒီယာတွေက ဘက်လိုက်မှုကင်းရမယ်လို့ပြောတယ်၊ အဲဒီတော့ အခုကိစ္စက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်နေတဲ့ကိစ္စဖြစ်တဲ့အခါမှာ ရွေးကောက်ပွဲကော်မရှင်က ဘာ့ကြောင့် ကြားကနေပြီးတော့ ကြေညာချက်ထုတ်ရသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဘီဘီစီက အသံလွှင့်တဲ့ကိစ္စမှာ ဒါအတွက် သက်ဆိုင်ရာကြံ့ဖွံ့ပါတီကနေပြီးတော့ ကြေညာချက်ထုတ်ပြီးတော့ သူတို့ရှင်းရမယ့်ကိစ္စပဲဖြစ်တယ်။ အဲဒါကို ကြံ့ဖွံ့ပါတီရဲ့ကိုယ်စား ဘာကြောင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ရသလဲဆိုတာကိုက မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။”

လာမယ့် နိုဝင်လာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်စာရင်းမှားယွင်းတာတွေနဲ့ လက်ရှိ ပြည်ပနိုင်ငံတွေမှာ ကြိုတင်မဲပေးတာတွေအပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်တာတွေလည်းရှိနေပါတယ်။

XS
SM
MD
LG