လက်ဘနွန်မြောက်ပိုင်းမှာ လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ လက်ဘနွန်မြောက်ပိုင်း Aito ရွာမှာ တနင်္လာနေ့က အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး ၁၂ ဦးနဲ့ ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ပြောခွင့်ရ Jeremy Laurence က ပြောပါတယ်။
အစ္စရေးကတော့ လက်ဘနွန်တောင်ပိုင်း ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ အင်္ဂါနေ့ အစ္စရေးကို လက်ဘနွန်ဘက်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေကို အစ္စရေးလေကြောင်းရန် ကာကွယ်ရေးတပ်တွေက ကြားဖြတ် ပစ်ချခဲ့တယ်လို့ အစ္စရေးတပ်က ပြောပါတယ်။
အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဘေရွတ်မြို့အပါအဝင် လက်ဘနွန် ဒေသတွေမှာရှိတဲ့ ဟက်ဇ်ဘိုလာ ပစ်မှတ်တွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ ပြောဆိုပါတယ်။ အခုလို အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေမှာ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး ရေနံ ဒါမှမဟုတ် နျူကလီးယားစက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Netanyahu က အမေရိကန် သမ္မတ Joe Biden နဲ့ ဖုန်းဆက်သွယ် ကတိပြုခဲ့တာကိုလည်း အမေရိကန်အရာရှိတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ တနှစ်အတွင်း အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူပေါင်း ၂,၃၀၀ ကျော် သေဆုံးခဲ့ပြီး ဒီထဲက ၄ ပုံ ၃ ပုံလောက်က ပြီးခဲ့တဲ့လထဲ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန က ပြောပါတယ်။
Forum