သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စ Yanghee Lee ကို မြန်မာ လက်မခံတဲ့အပေါ် ကုလ စိတ်ပျက်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး Ms. Yanghee Lee ကို ပြည်ဝင်ခွင့်ပေးဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မြန်မာအစိုးရက ငြင်းဆန်လိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာအစိုးရရဲ့ ဒီဆုံးဖြတ်ချက်အပေါ် ဝေခွဲရခက်ပြီး စိတ်ပျက်မိကြောင်း Yanghee Lee ကလည်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့အတွက် Ms. Yanghee Lee ဟာ လာမယ့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတာပါ။ ဒါပေမယ့် အဲဒီခရီးစဉ်အတွက် သူမကို ပြည်ဝင်ခွင့် မပေးတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုပါ ပြုလုပ်မှာ မဟုတ်ကြောင်း မြန်မာအစိုးရက ကုလသမဂ္ဂကို ပေးပို့တဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။

သူမကို ပြည်ဝင်ခွင့်မပြုဖို့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က ဗွီအိုအေကို ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်အပေါ် ကျနော်တို့ စိတ်ပျက်မိပါတယ်။ ကုလသမဂ္ဂ စံနစ်အတွင်းမှာရှိတဲ့ လူ့အခွင့်ရေးဆိုင်ရာ ယန္တရားတွေအညီ ဆောင်ရွက်ခွင့်ပြုဖို့ အဖွဲ့ဝင် နိုင်ငံအားလုံးကို ကျနော်တို့ တိုက်တွန်းပါတယ်။ Ms. Yanghee Lee ဟာ တသီးပုဂ္ဂလ ပညာရှင်တဦးဖြစ် ပါတယ်။ သူမဟာ အတွင်းရေးမှူးချုပ်နဲ့ ရော၊ ကုလသမဂ္ဂရဲ့ ယန္တရားနဲ့ပါ သက်ဆိုင်ခြင်း မရှိဘဲ သီးခြား လုပ်ဆောင်နေသူ ဖြစ်ပါတယ်။”

Yanghee Lee ကို အခုလို ပြည်ဝင်ခွင့် ငြင်းပယ်လိုက်တဲ့အပေါ် ကုလသမဂ္ဂဘက်က ဘာများ လုပ်ဆောင်နိုင်တာ ရှိပါသလဲလို့ မေးတဲ့အခါမှာတော့ Farhan Haq က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဟာ တိုင်းပြည် အသီးသီးရဲ့ တာဝန်၊ ဝတ္တရားဖြစ်တယ်ဆိုတာကို ကျနော်တို့ ရှင်းလင်းစွာ ပြောကြား လိုပါ တယ်။ အဲဒီရဲ့ နောက်ဆက်တွဲ လုပ်သင့်တာတွေကတော့ ဂျနီဗာမှာရှိတဲ့ လူ့အခွင့်အရေး ကောင်စီ အပါအဝင် လူ့အခွင့်အရေး ဆိုင်ရာဌာနက ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက် တွေက ဆုံးဖြတ် ဆောင်ရွက်ကြပါလိမ့်မယ်။”

မြန်မာအစိုးရအနေနဲ့ အခုချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ကုလသမဂ္ဂက အရာရှိတွေက ပြောပါတယ်။

မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် သူမအနေနဲ့ ဝေခွဲရခက်ပြီး စိတ်ပျက် မိကြောင်း Yanghee Lee ကလည်း ဒီဇင်ဘာ ၂၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။ သူမကို ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားတွေ ဆောင်ရွက်တဲ့နေရာမှာ မြန်မာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့ အခုလို ဆုံးဖြတ်လိုက်တာဟာ ရခိုင်ပြည်နယ် အတွင်းမှာနဲ့ မြန်မာနိုင်ငံအတွင်းက တခြား နေရာတွေမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ် လို့ ယူဆစရာ ဖြစ်နေကြောင်းလည်း Yanghee Lee ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ မြန်မာနိုင်ငံခရီးစဉ်အပြီး ကုလလူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ သူမရဲ့အစီရင်ခံစာဟာ ဘက်လိုက်ပြီး မျှတမှု မရှိတဲ့အတွက် အခုလို ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ကြောင်း မြန်မာအစိုးရက သူ့ကို အကြောင်း ကြားခဲ့တယ်လို့လည်း Yanghee Lee ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို ပြည်ဝင်ခွင့်မပေးဖို့ မြန်မာအစိုးရ ရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်မိကြောင်း Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကလည်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှုကို လက်မခံဖို့ နည်းမျိုးစုံနဲ့ ရှောင်ရှားမယ် ဆိုတာ ပြသလိုက်ခြင်းဖြစ်ကြောင်း Amnesty International အဖွဲ့က အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး James Gomez က ပြောပါတယ်။

နိုင်ငံအလိုက် ကုလသမဂ္ဂက ရွေးချယ်ခန့်အပ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ အထွေထွေ ညီလာခံ တို့ကို နှစ်စဉ် အစီရင်ခံစာ တင်သွင်းနိုင်ရေးအတွက် သူတို့တာဝန်ယူရတဲ့ တိုင်းပြည် အသီးသီးကို တနှစ်မှာ ၂ ကြိမ် သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာကြရတာ ဖြစ်ပါတယ်။

Yanghee Lee ဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ် စတင် တာဝန်ယူခဲ့တဲ့ အချိန်ကစလို့ မြန်မာနိုင်ငံကို ၆ ကြိမ် ရောက်ရှိခဲ့ပြီး သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ရိုဟင်ဂျာတွေအပေါ် စံနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်း တင်ပြခဲ့ပါတယ်။

Yanghee Lee
please wait

No media source currently available

0:00 0:03:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG