သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့အပေါ် ကန့်ကွက်မှုတွေရှိ


(၄၈) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲ (ဓာတ်ပုံ-တပ်မတော်သတင်းပြန်ကြားရေး/ဒီဇင်ဘာ ၁၅၊ ၂၀၂၂)
(၄၈) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲ (ဓာတ်ပုံ-တပ်မတော်သတင်းပြန်ကြားရေး/ဒီဇင်ဘာ ၁၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ်ကောင်စီနဲ့ AA ရခိုင်တပ်ဖွဲ့ကြား နှုတ်အားဖြင့် အပစ်ရပ်ထားတဲ့အခြေအနေမှာပဲ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီကကျင်းပပြုလုပ်ပါတယ်။ အခုလို စစ်ကောင်စီကကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ဆိုတာဟာ ရခိုင်တွေအတွက် အနှစ်သာရတစုံတရာမရှိဘူးလို့ ရခိုင်နိုင်ငံရေးသမားတွေကြား ယူဆတာတွေရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာကျရောက်တဲ့ ၄၈ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကို ပျော်ပွဲရွှင်ပွဲတွေအဖြစ် ရခိုင်ပြည်နယ် မြို့နယ်တော်တော်များများမှာ စစ်ကောင်စီက ဦးဆောင်ကျင်းပပါတယ်။ စစ်ကောင်စီကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့မှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ဌာနဆိုင်ရာတွေလောက်သာ အလေးထား ပါဝင်ကြတယ်လို့ ရခိုင်အရေး လေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။

“ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက လူထုက တကယ့်ကိုနိုင်ငံရေးအရခံစားမိပြီး တော့ တက်တက်ကြွကြွပါဝင်တာကိုပဲ အောင်မြင်တယ်လို့ ပြောလို့ရတာပေါ့၊ အခုကတော့ ပွဲတော့ ဖြစ်တာပေါ့။ ဌာနဆိုင်ရာတွေရှိမယ်၊ တပ်မတော်သားတွေ ရှိမယ်၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေရှိမယ်၊ ပြီးတော့ သူတို့ဘက်က ဆုတွေပေးပြီးတော့ မြှောက်စားတဲ့ သူတွေရှိမယ်၊ အဲဒီအသိုင်းအဝိုင်းတွေရှိမယ်။ ဒီလူတွေကတော့ နှစ်တိုင်း အနည်းနဲ့အများဆိုသလို ရှိကြပါတယ်။ စစ်တွေက မြို့တော်ဆိုတော့ သူတို့က ပိုပြီးတော့ ပွဲကိုစည်အောင် လုပ်တာပေါ့နော်၊ အနုပညာရှင်တွေကိုခေါ်ပြီးတော့ လုပ်တယ်။ ဒါကတော့ ပွဲအဖြစ်တော့ ဖြစ်တယ်။ ဒါပေမဲ့ သာမာန်ပြည်သူတွေကတော့ မပါဝင်ကြဘူး။ သူတို့နဲ့ ဆက်နွယ်ပတ်သက်သူတွေကပဲ ပွဲတခုအဖြစ်လုပ် လိုက်တာကို တွေ့ရပါတယ်ခင်ဗျာ။”

ဒါ့အပြင် ရခိုင်ပြည်နယ်နေ့ဟာ ရခိုင်ပြည်သူတွေအတွက် နိုင်ငံရေးအရ အနှစ်သာရတစုံ တရာမရှိသလို ရခိုင်တပ်ဖွဲ့ AA ပေါ်လာပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်သူတွေအလေးထားတာမရှိတော့ဘူးလို့လည်း ဦးဖေသန်းကပြောပါတယ်။

“ ရခိုင်ပြည်နယ်နေ့ကို အရင်တုန်းက ပါဝင်ခဲ့တာက ပျော်ပွဲရွှင်ပွဲသဘောလောက်သာဖြစ်တယ်။ ULA/AA ရောက်ပြီးတဲ့ နောက်ပိုင်းမှာ အနှစ်သာရကို ဆန်းစစ်သူတွေရှိလာတယ်။ နိုင်ငံရေးအားဖြင့် ဆန်းစစ်လာကြတယ်၊ အဲဒီအခါမှာ ဒါက ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆိုတဲ့ အနှစ်သာရတွေ ဘာမှမရှိတဲ့၊ လေနဲ့ပေးတဲ့ အခွင့်အရေးပေါ့၊ အဲတာတွေ ပြည်သူတွေက မြင်လာတဲ့အတွက် အရင်တုန်းကလောက် စိတ်ဝင်စားတာမရှိကြတော့ဘူး။ အပျော်သဘောနဲ့ သွားရောက်ကြည့်ရှုသူတွေတောင် နည်းပါးသွားတယ်ပေါ့။”

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာနေထိုင်တဲ့ ရခိုင်ဒေသခံတဦးဖြစ်တဲ့ မခင်ဖုန်းသူဇော်ကလည်း စစ်ကောင်စီကကျင်းပပေးတဲ့ ရခိုင်ပြည်နယ်နေ့ကို အသိအမှတ်မပြုနိုင်ဘူးလို့ပြောပါတယ်။

“ အခုလက်ရှိ ရခိုင်အခြေအနေနဲ့ကျတော့လေ စစ်ကောင်စီက ကျင်းပတဲ့ပွဲဖြစ်လို့ မပါတဲ့ အပိုင်းလည်းတပိုင်းရှိတာပေါ့နော်။ နောက်တခုက ရခိုင်ပြည်နယ်နေ့က ကိုယ့်အတွက် ဘာမှ ထူးခြားမှုမရှိဘူးပေါ့နော်၊ အသိအမှတ်လည်းမပြုဘူးပေါ့နော်၊ အဲတာကြောင့် မပါဝင်ဖြစ်တာပေါ့။”

ရခိုင်ပြည်သူတွေ အသိအမှတ်ပြု ပါဝင်တာနည်းပါးတယ်ဆိုပေမယ့်လည်း စစ်ကောင်စီကတော့ ဒီကနေ့ ကျရောက်တဲ့ရခိုင်ပြည်နယ်နေ့မှာ စင်တင်တေးဂီတပွဲတွေအပါဝင် ပြည်နယ်ဂုဏ် ထူးဆောင် လူမှုထူးချွန်ဆုတွေ ပေးအပ်တာတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ငွေကြေးအကုန်ကျခံကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်နေ့ဆိုတာဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းအဆင့်ရှိတဲ့ ရခိုင်တိုင်းဒေသကြီးကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁ အရ ရခိုင်တိုင်းကနေ ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့တာကို အထိမ်းအမှတ်ပြုထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]











XS
SM
MD
LG