[[Zawgyi/Unicode]]
ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ရာထူးနေရာအတွက် အရင်ဝန်ကြီးချုပ်ဟောင်း Boris Johnson ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘူးလို့ကြေညာလိုက်ပြီးနောက်မှာပဲ မကြာခင်ရက်ပိုင်း ဒါမှမဟုတ် နာရီပိုင်းအတွင်းမှာပဲ ရွေးချယ်တင်မြှောက်ကြတော့မယ့် ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်သစ်ရာထူးအတွက် အရင်ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak က လူကြိုက်များရေပန်းစားလာပြီး ရာထူးနေရာအတွက် ရှေ့ဆုံးကနေ တစ်ပြေးနေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဝန်ကြီးချုပ် Liz Truss က ရာထူးကနေ နုတ်ထွက်လိုက်ပြီးတဲ့နောက်ပိုင်း တိုင်းပြည် မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးစိန်ခေါ်မှုဖိအားတွေရှိနေချိန် သူနုတ်ထွက်လိုက်တဲ့ အစိုးရဖွဲ့ခွင့်ရှိတဲ့ ကွန်ဆားဗေးတစ်ပါတီ ခေါင်းဆောင်ရာထူးအတွက်- ဗြိတိန်နိုင်ငံရဲ့ ဒီနှစ်ထဲမှာပဲ တတိယမြောက်ဝန်ကြီးချုပ်နေရာကို ရွေးချယ်သွားရမှာဖြစ်ပါတယ်။
အသက်(၄၂) နှစ်အရွယ် အရင်ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak ဟာ လွှတ်တော်အမတ် (၁၀၀) ကျော်ရဲ့ထောက်ခံမှုကိုရထားတဲ့ တဦးတည်းသောကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်။ ပါတီခေါင်းဆောင်လောင်းအဖြစ် စာရင်းတင်သွင်း ယှဉ်ပြိုင်နိုင်ရေး လွှတ်တော်အမတ် အနည်းဆုံး ၁၀၀ ရဲ့ ထောက်ခံမှုရရှိသူ ဖြစ်ရမှာလည်းဖြစ်ပါတယ်။
အောက်လွှတ်တော်ခေါင်းဆောင် Penny Mordaunt ကတော့ Rishi Sunak ထက် ထောက်ခံသူနည်းပါးပေမဲ့လည်း ရွေးကောက်ခံခေါင်းဆောင်လောင်းတွေအတွက် အဆိုတင်သွင်းမှုပိတ်မယ့် ဒီကနေ့ ဗြိတိန်စံတော် ချိန် မွန်းလွဲ (၂) နာရီပိတ်သိမ်းချိန်မှာ သတ်မှတ်ထောက်ခံမဲရဖို့ ရည်မှန်းထားပါတယ်။ တကယ်လို့ Penny Mordauntအတွက် သတ်မှတ်ထားတဲ့ ထောက်ခံမဲ (၁၀၀) ကို မရခဲ့ဘူးဆိုရင်တော့ အရင်ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak အနိုင်ရမှာဖြစ်ပြီး တနင်္လာနေ့ညနေပိုင်းမှာ အမှတ် (၁၀) ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်အိမ်တော်ကို ရွှေ့ရနိုင်ခြေရှိနေပါတယ်။
တကယ်လို့ အရွေးချယ်ခံနှစ်ဦးစလုံးက သတ်မှတ်ထောက်ခံမဲတွေ ရရှိခဲ့မယ်ဆိုရင်တော့ ကွန်ဆာဗေးတစ် လွှတ်တော်အမတ် (၃၅၇) ဦးက တနင်္လာနေ့မှာပဲ သူတို့ရဲ့ထောက်ခံတဲ့သူကို ဝိုင်းရွေးချယ်ကြမှာဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီ့မှာလည်း မရွေးချယ်နိုင်ခဲ့ဘူးဆိုရင် နိုင်ငံတဝန်းက ကွန်ဆာဗေးတစ်ပါတီဝင်ပေါင်း (၁၇၂,၀၀၀) က ရွေးချယ်ပေးရမှာဖြစ်ပြီး ရလဒ်အဖြေကိုတော့ သောကြာနေ့မှာ ကြေညာနိုင်မှာဖြစ်ပါတယ်။
ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူအနေနဲ့ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကွန်ဆာဗေးတစ်ပါတီမှာ ဝန်ကြီးချုပ်တာဝန်ကို ယူရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် ၄၅ ရက်ကြာ တာဝန်ယူခဲ့တဲ့ Truss ရဲ့ စီးပွားရေးမူဝါဒတွေကြောင့် ဘဏ္ဍာငွေကြေး ဈေးကွက် ကမောက်ကမဖြစ်ပြီး ပါတီတွင်း ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ ကြုံခဲ့ရာက နုတ်ထွက်ဖို့အထိ ဖြစ်လာခဲ့တာပါ။
#UKPolitics #ဗြိတိန်နိုင်ငံရေး #ကွန်ဆာဗေးတစ်ပါတီ #ဗြိတိန်ဝန်ကြီးချုပ် #RishiSunak =================
[[Unicode]]