ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြသူတွေအတွက် မြန်မာအစိုးရက မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထား စာအုပ် (စီအိုင်) ထုတ်ပေး နေတဲ့ စင်တာတွေကို မြန်မာ အလုပ်သမား၊ လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်သမား ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က သွားရောက် ကြည့်ရူခဲ့ပါတယ်။ CI စာအုပ် လုပ်တဲ့နေရာတွေမှာ ပွဲစားတွေ က ဝန်ဆောင်ခအဖြစ် ငွေကြေး အဆမတန် ယူနေကြတာကြောင့် ထိုင်းအာဏာပိုင်တွေက ဝင်ရောက် စစ်ဆေးဖမ်းဆီးမူတွေ လုပ်နေ ချိန်မှာပဲ အခုလို သွားရောက်ခဲ့တာဖြစ်ပြီး ထိုင်း အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိ သူတွေနဲ့လည်း အလွတ်သဘော ဆွေးနွေးခဲ့ တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ထိုင်း အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပု့ိထားပါတယ်။
မြန်မာနိုင်ငံ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ် သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဟာ အောက်တိုဘာလ ၃ ရက် ကနေ ၈ ရက်အထိ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား CI - ထုတ်ပေးတဲ့စင်တာတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့လည်း သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံ လုံးဘက်မှာ တနေရာတည်းမှာ အပြီးအစီးဆောင်ရွက်နိုင်တဲ့ One-stop Service က အားနည်းချက်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောပါတယ်။
“ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ညွှန်ချုပ်နဲ့ ကျနော်တို့တွေ့ကြပါတယ်။ တွေ့တဲ့အချိန်မှာ ကျနော့်ရဲ့- ဗိုလ်မှူးကြီးဝင်းရှိန်ပေါ့နော်-ညွှန်ချုပ်ကြီးလည်း ပြောပါတယ်။ ဒါတော့ ကျနော် တို့ မြန်မာကို ပုံပြီးမချပါနဲ့၊ One-stop Service ဆိုတာ ထိုင်း immigration ပါတယ်။ ထိုင်း DOE ပါတယ်၊ ထိုင်း ကျန်းမာရေး ပါတယ်။ ကျနော်တို့က ကျနော်တို့ တခုပဲပါတယ်။ မြန်မာ တခုတည်းရှိတယ်။ ဒီဘက်က ထိုင်းက ယူတာ တော့ သူ့အကန့်နဲ့ သူ့ဟာသူယူတာ။ ကျနော်တို့ လာမပြောနဲ့။ One-stop Service ဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံကို ပုံချတာမျိုးတော့ မလုပ် ပါနဲ့။ ထိုင်းပွဲစားလည်း ဖမ်း။ မြန်မာပွဲစားလည်း ဖမ်းပါ။ အခြေအနေက နှစ်ဘက်စလုံးက ပါနေတယ်။ အားနည်းချက်။ အားသာချက် နှစ်ဘက် စလုံးမှာရှိတာပဲ။ အားနည်းချက်အများဆုံးက ထိုင်းက ဖြစ်နေ တယ်။”
ထိုင်းကိုလာရောက်တဲ့ခရီးစဉ်အတွင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဟာ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံခဲ့ပြီး အခြေအနေ အရပ်ရပ်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် ဘန်ကောက်မြို့-မဟာချိုင်၊ ချင်းမိုင်မြို့-ဆုံခလာ၊ ရနောင်း-မဲဆောက် စတဲ့နေရာပေါင်းစုံကိုလည်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ အထောက် အထားစာအုပ် CI ထုတ်ပေးတဲ့စခန်းပေါင်း (၉) ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေတာပါ။ တခြား နေရာတွေမှာ ငွေကြေး အဆမတန် ယူတာ သိပ်မတွေ့ရပေ မယ့် မဟာချိုင်ဒေသက စခန်း (၁) နဲ့ (၂) မှာတော့ ပွဲစားတွေနဲ့ ပြဿနာတွေ ရှိနေတာကို တွေ့ခဲ့ရကြောင်း ပြောပါတယ်။ အခုလို ဦးဝင်းရှိန် လာရောက် နေချိန်မှာပဲ ထိုင်းဘက်ကလည်း မဟာချိုင်ဒေသက CI စခန်းတွေကို ဝင်ရောက် စစ်ဆေးနေတာမှာ ထိုင်းနိုင်ငံကပွဲစားတွေကိုသာမက မြန်မာနိုင်ငံဘက်က ပွဲစားတွေကိုပါ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ အစိုးရတွေ သတ်မှတ်ထားတဲ့ဈေးနှုန်းအရ အလုပ်သမားတွေ ပေးရတဲ့ နှုန်း တားဟာ စုစုပေါင်း ဘတ် ၂ ထောင်ကျော်သာ ကုန်ကျမှာ ဖြစ်ပေမယ့် အခုဆိုရင် ဘတ်ငွေ (၅) ထောင်ကနေ (၇) ထောင်လောက်အထိ ပေးသွင်းနေရတာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းဝန်ကြီးချုပ်က အဲဒီ ဖွင့်လှစ်ပေးထားတဲ့ CI စခန်းတွေမှာ ပွဲစားတွေက မြန်မာ အလုပ် သမားတွေကို အဆမတန် ငွေကြေးတောင်းခံတာတွေကို စုံစမ်း အရေးယူဖို့ ညွှန်ကြားခဲ့ တာဖြစ်ပါတယ်။ CI စခန်းတွေကို ထိုင်းစစ်တပ်အပါအဝင် အဖွဲ့စုံက လာရောက် စစ်ဆေးနေချိန်မှာ တချို့ အလုပ်သမားတွေက ဝန်ဆောင်ခကို သတ်မှတ်နှုန်းတားထက် ကျော် လွန်ပြီး အများကြီးပေးနေရကြောင်း အမှန်အတိုင်း ပြောဆိုခဲ့ကြပေမယ့် တချို့ အလုပ်သမားတွေကတော့ ရဲအာဏာပိုင်တွေကို စိုးရိမ်ကြောက်ရွံ့ပြီး အမှန် အတိုင်း မပြောကြကြောင်းလည်း အလုပ်သမား တချို့က ပြောပါတယ်။ မြန်မာနိုင်ငံ- မြဝတီမြို့နဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဲဆောက်မြို့မှာတော့ CI ထုတ် ပေးတဲ့ရုံးနားမှာ ကုမ္ပဏီတခု လာဖွင့် ထားပြီး ဝန်ဆောင်ခ ဘတ်ငွေ (၃၀၀) ကောက်ခံတာ ရှိပါတယ်။ မဟာချိုင်ဒေသလောက် ကောက်ခံငွေ နှုန်းမများ ပေမယ့် အလုပ်သမားတွေ ရတဲ့ ဝင်ငွေနည်းတဲ့ မဲဆောက်မြို့လို နေရာမျိုးမှာလည်း အခုလို ဝန်ဆောင်ခ တောင်းတာတွေ မဖြစ်သင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူတွေက ထောက်ပြနေကြပါ တယ်။