သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအလုပ်သမားဥပဒေသစ် ထုတ်ပြန်အပြီး၊ မြန်မာအလုပ်သမား ၃၀၀၀ ခန့် ဌာနေပြန်ရေး စိုင်းပြင်း


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ဥပဒေသစ်ထွက်ပေါ်ခဲ့ပြီး ပညာပေးအနေနဲ့ အဖမ်းဆီးတွေဆက်တိုက်လုပ်နေတာကြောင့် ထိုင်းနိုင်ငံတွင်းမှာ မနေထိုင်ရဲတော့တဲ့ မြန်မာနိုင်ငံသားများဟာ သက်ဆိုင်ရာ လူဝန်မူကြီးကြပ်ရေးရုံးတွေမှာ နေရပ်ပြန်မဲ့ အကြောင်းကြားမူတွေက ဇွန်လ ၂၉ရက်နေ့ ကဆိုရင် လူ၃ထောင်လောက် ထိရှိလာတယ်လို့ဆိုပါတယ် ။ ဒါကတရားဝင်အသိပေးပြန်ကြသူတွေဖြစ်ပြီး တခြားလူတွေကတော့ အဖမ်းဆီးတွေနဲ့ တောတောင်ထဲ တိမ်းရှောင်နေတာမျိုးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာသံရုံးဘက်ကတော့ ထိုင်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရှိတယ်လို့ ဆိုပါတယ်။ အခုလို အဖမ်းဆီးတွေရှိနေမဲ့ မြန်မာတွေသောင်းနဲ့ သိန်းနဲချီပြီး နေရပ်ပြန်ဖို့ ကတော့သိပ်မလွယ်ကူ သေးပါဘူး။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်ရှင်တွေ အတွက် ပိုမိုတင်းကြပ်တဲ့ ဥပဒေသစ်ထွက်လာပြီးတဲ့ နောက်မှာတော့ အဖမ်းအဆီးတွေ ဆက်တိုက်လုပ်လာတာပါ။မြန်မာသံရုံးဘက်ကလည်း အထောက်အထားမရှိသူတွေ နေရပ်ပြန်ကြပါလို့ပဲ အသိပေးခဲ့ပြီး တဲ့နောက်မှာတော့ နေရပ်မှာ ပြန်လည်တိမ်းရှောင်နေထိုင်နိုင်တဲ့ ငွေကြေးအနည်းငယ်ရှိသူ အလုပ်သမားတချိုကတော့ နေရပ်ပြန်ဖို့အတွက် လဝကရုံးမှာ သတင်းပေးပို့ပြီး စာရွက်စာတမ်းတွေ ထုတ်ယူ နေရပ်ပြန်တာဖြစ်ပါတယ်။

ဇွန်လ ၂၉ရက်နေ့မှာ နေရပ်ပြန်ဖို့ လုပ်ကြသူ တွေ၃ထောင်လောက် ရှိတယ်လို့အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ကိုရဲမင်းကပြောပါတယ်။

“အလုပ်တွေကမတူဘူး၊ Work permit မစုံတဲ့လူတွေက ပိုများသလိုဖြစ်နေတယ် ၊ အထောက်အထားမှန်ကန်ပြည့်စုံတဲ့လူထက်စာရင် ။ ပြန်တယ်ဆိုတာကလည်း Work permit မစုံတော့ ပြန်ဖို့ ခက်နေတယ်။ အဲဒီတော့ ထိုင်းလဝက ရုံးမှာ အရင်ကတည်းကရှိတယ်။ ပိုက်ဆုံ ၂၅၀၀ တို့၊ ၂၈၀၀ တို့ ၊ ၃၀၀၀ တို့ အစားစား ။ ပွဲစားနဲ့ ချိတ်ပြီးတော့ ပြန်မယ်ဆိုရင်လည်း လမ်းမှာလည်း အဖမ်းခံရနိုင်တယ်။ အခုဒီနေ့ စာရင်းကတေ့ ၃၀၀၀ နီးပါးပြန်တယ်အမ။ ဆက်နေရင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးတော့ မိမှာပဲ၊ မိမယ့်အတူတူတော့ မြန်မာပြည်ခဏပြန်ရှောင်နေလိုက်တာ ကောင်းတယ်ဆိုတဲ့သဘောနဲ့ လူတွေက စိတ်ဓါတ်ကျပြီးတော့ လုပ်ငန်းခွင်တွေ စွန့်ပြီးတော့ ပြန်ကြတာ။”

တကယ်တော့ထိုင်းနိုင်ငံမှာ အခုအဖမ်းဆီးကြောင့်နေရပ်ကို သိန်းချီ၊ သောင်းနဲ့ချီပြန်ဖို့ဆိုတာကတော့ ဖြစ်နိုင်ဖို့ မလွယ်ကူပါဘူး။ ထိုင်းနိုင်ငံထဲမှာ တရားမဝင်အလုပ်သမားက သန်းနဲ့ချီရှိနေတာပါ။ နေရပ်မှာ အိမ်တွေ မြေတွေပေါင်နှံပြီး ပွဲစားကိုငွေပေးလာကြသူတွေများပါတယ်။ မြန်မာပြည်ထဲမှာ အလုပ်အကိုင်ရှာဖွေဖို့ အတွက် ခက်ခဲတာကြောင့် မိသားစုစားဝတ်နေရေးအတွက် လာလုပ်ကိုင်ကြသူတွေအဖို့ ကတော့ အခုအဖမ်းအဆီးကြောင့် ဒုက္ခတွေပိုရောက်သွားစေတာပါ။ နောက်ဆက်တွဲဖြစ်နိုင်တဲ့အကျိုးဆက်တွေနဲ့ ပတ်သက်ပြီးဆက်ပြောပြပါတယ်။

“ဖမ်းရုံနဲ့ မပြီးဘူးအမ နောက်ဆက်တွဲကတော့ မြန်မာပြန်မှာလည်း အခက်အခဲတွေဖြစ်မယ်။ မိသားစုတွေကို ထောက်ပံ့နေတဲ့လူတွေအတွက်လည်း ထောက်ပံ့မှုတွေရပ်သွားနိုင်တယ်။ ထိုင်းအစိုးရဘက်ကလည်း အလုပ်ရှင်တွေက ပြဿနာ ဖြစ်လာနိုင်တယ်။ အလုပ်သမားရှားပါးမှုကို ကြုံနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်။”

ထိုင်းရောက် မြန်မာအလုပ်သမားတွေ အဖမ်းဆီးခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမား သံအရာရှိဦးအောင်ခင်မြင့်ကတော့အခုလိုပြောသွားပါတယ်

“မြန်မာသံရုံးက ဘယ်လိုလုပ်ဆောင်မလဲဆိုတော့ အခုရန်ကုန်မှာ ထိုင်း-မြန်မာ အစည်းအဝေးလုပ်နေပါတယ်နော်။ သူတို့လူကြီးတွေ ဆွေးနွေးပြီးတော့အဖြေရှာမှာပေါ့နော်။

မေး။ ။ အလုပ်သမားတွေက သန်းနဲ့ချီပြီးရှိနေတယ်။ တရားမဝင်တဲ့လူက အများကြီးဖြစ်နေတယ်ဆိုတော့ ဖမ်းဆီးရုံနဲ့ နေရပ်ပြန်ပါလို့ ပြောတာနဲ့ ဖြစ်နိုင်မလားရှင့်။

ဖြေ။ ။အဲဒါကိုတော့ ထိုင်းဘက်က စဉ်းစားရမယ့် ကိစ္စပါခင်ဗျ။”

ဒိလိုအဖမ်းခံရတဲ့အခါတရားရုံးတင် စစ်ဆေးဒဏ်ငွေရိုက် နေရပ်ပြန်ပို့တော့လည်း မြန်မာနိုင်ငံဘက်ခြမ်းက နယ်စပ်စစ်ဆေးရေးဂိတ်တွေကနေ ငွေကြေးတောင်းခံတဲ့ပြဿနာ ကလည်းဆယ်စုနှစ် ၂စုနီးပါးရှိတဲ့ တိုင်အောင်မဖြေရှင်းပေးနိုင်သေးပါဘူး ။ ဒီလိုအခြေအနေတွေဖြစ်ပေမဲ့လည်း တခါဖမ်းတိုင်း ငွေကုန်ပြီး နောက်တကြိမ် ထိုင်းထဲကိုပဲ ပြန်ဝင်လာနေတာကြောင့် ထိုင်းမှာ အဖမ်းအဆီးတွေများပေမယ့် ထိုင်းရောက်မြန်မာအလုပ်သမားတွေ ပြဿနာကတော့ ရှင်းလင်းဖို့ အတွက် ကတော့ ခက်ခဲနေမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG