သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

U-20 ကမ္ဘာ့ဖလား မြန်မာပူးတွဲ ကျင်းပနိုင်မလား


၂၀၁၉ U-20 ဘောလုံးပွဲကို Chile နိုင်ငံတွင်းကျင်းပစဉ်
၂၀၁၉ U-20 ဘောလုံးပွဲကို Chile နိုင်ငံတွင်းကျင်းပစဉ်

၂၀၂၁ ခုနှစ် ကျင်းပမယ့် U-20 ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ထိုင်းနိုင်ငံနဲ့ပူးတွဲပြီး အိမ်ရှင်အဖြစ်ကျင်းပသွားဖို့ မြန်မာနိုင်ငံက ကမ်းလှမ်း ထားပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားအရ လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားတချို့နဲ့ အားကစား ဝါသနာရှင်တွေက ထောက်ပြပါတယ်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရမယ်ဆိုရင်တော့ နိုင်ငံအတွက် အကျိုးအမြတ်တွေရှိလာစေမယ်လို့ သုံးသပ်ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ကျင်းပလေ့ရှိတဲ့ U-20 ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လာမယ့် ၂၀၂၁ မှာ ကျင်းပဖို့ရှိပြီး ထိုင်းနဲ့ မြန်မာနိုင်ငံ တွေက အိမ်ရှင်အဖြစ် ပူးတွဲကျင်းပသွားချင်ကြောင်း FIFA အဖွဲ့ကို ကမ်းလှမ်းထားတယ်လို့ ကြာသပတေးနေ့ထုတ် ရိုက်တာသတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ တပြိုင်နက်ထဲမှာပဲ ဆော်ဒီအာရေဗီးယား၊ ဘာရိမ်းနဲ့ UAE နိုင်ငံ ၃ခုကလည်း အိမ်ရှင်အဖြစ် ပူးတွဲကျင်းပချင်တယ်လို့ ကမ်းလှမ်းထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံဟာ U-20 ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ အဆင်သင့်ရှိပါရဲ့လား။ အမေရိကန် မေရီလန်းပြည်နယ် မှာနေတဲ့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ဦးယဉ်ထွေးက ခုလိုမြင်ပါတယ်။

“ကျနော်တို့ ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး လာလုပ်မယ်ဆိုရင် သူတို့ ကမ္ဘာ့ဖလားမှာ သတ်မှတ်ထားတဲ့ စံညွှန်းတွေ ဥပမာ အားကစားရွာတွေကို သူတို့ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ရှိရမယ်။ နောက်ပြီး မြန်မာပြည်မှာ ကမ္ဘာ့ဘောလုံးပွဲနဲ့ ပတ်သက်ပြီး ကစားနိုင်တဲ့ အားကစားကွင်း၊ အဆင့်အတန်းမီတဲ့ အားကစားကွင်းတွေရှိရမယ်။ အဲဒီ ၂ ခုကို ဦးစားပေးပြီးလေ့လာမယ်။ မြန်မာပြည်မှာ ကျနော်သိသလောက်ကတော့ စံညွှန်းစံချိန်မှီတာဆိုတာ ကွင်း ၃ ကွင်းရှိပါတယ် အဲဒီကွင်းတွေကတော့ သုဝဏအားကစားကွင်း၊ မန္တလေး မန္တလာသီရိအားကစားကွင်း ၊ နောက်တခုက နေပြည်တော်က SEA GAME ကျင်းပသွားတဲ့ ဘောလုံးကွင်း၊ ကျနော်တို့ ဒီ ၃ ခုရှိတယ်ခင်ဗျ။”

အလားတူ U-20 ကမ္ဘာ့ဖလားပွဲကို အင်ဒိုနီးရှား၊ ပီရူး၊ ဘရာဇီးနိုင်ငံတွေကလည်း လက်ခံ ကျင်းပလိုကြောင်း FIFA ကို အကြောင်းကြားတယ်လို့ဆိုပါတယ်။ အိမ်ရှင်အဖြစ် ကျင်းပလိုတဲ့ နိုင်ငံတွေအနေနဲ့ သြဂုတ်လ(၃၀)နေ့ နောက်ဆုံး လေ ျှာက်ထားရမှာ ဖြစ်ပြီး ၂၀၂၁ U-20 ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘယ်နိုင်ငံမှာ ကျင်းပမယ်ဆိုတာ ဒီနှစ်ကုန်လောက် ဆုံးဖြတ်ပါမယ်။

မြန်မာနိုင်ငံကသာ U-20 ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရမယ်ဆိုရင် မြန်မာ U-20 အသင်းအနေနဲ့ ခြေစစ်ပွဲဝင်စရာမလိုပဲ ဝင်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အသက်ငယ်တမ်း မြန်မာ့လက်ရွေးစင် အသင်းတွေကိုကြည့်ရင် အလားအလာကောင်းတယ်လို့ သုံးသပ် သူက အမေရိကန် အင်ဒီယားနားပြည်နယ်မှာနေတဲ့ ဘောလုံးအားကစား ဝါသနာရှင် ကိုမင်းမင်းဖြစ်ပါတယ်။

“SEA GAME ပြီးတဲ့နောက်ပိုင်းမှာ မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ သက်တမ်းအလိုက် အများကြီး ပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ်။ အဲဒီအထဲမှာ U-20 အောက်တွေက အတော်လေး အလားအလာကောင်းတယ်ပေါ့နော်။ U -16၊ U-17 က အဖွဲ့တွေဆိုရင် တော်တော်လေး စုစည်းမှု ကောင်းတယ် Team work ကောင်းတယ်ပေါ့နော်။ U-19 ရောပေါ့နော် အခု သက်တမ်းအလိုက် လူငယ်တွေကို ပြင်ဆင်ထားပုံက ၂၀၂၁ အတွက် Ready ပါပဲ။”

ဒါပေမဲ့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းတွေကတော့ အားရစရာ မကောင်းသေးဘူးလို့ လက်ရွေးစင်ဟောင်း ဦးယဉ်ထွေးက သုံးသပ် ပါတယ်။

“ကျနော်အရှင်းလင်းဆုံး အပွင့်လင်းဆုံးပြောရင် ဘောလုံးလောကက တဖြေးဖြေး နဲ့ ကျလာတာကို ကျနော်မြင်နေရတယ်။ ကျနော်လည်း စိတ်မကောင်းဘူး ကျနော့်အမြင်ပေါ့နော်။ အရင်တုန်းကတော့ လုပ်ကြကိုင်ကြ ကြည့်ကြတဲ့ ပရိတ်သတ်နဲ့ ကိုယ်အားပေးတဲ့ ပရိတ်သတ်နဲ့ ကစားတဲ့ ဘောလုံးသမားကြည့်ရင် ကွင်းထဲမှာ ကစားတဲ့ ဘောလုံးသမားက များနေပြီး အားပေးတဲ့ ပရိတ်သတ်ကနည်းနေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘောလုံးလောကက တဖြေးဖြေးနဲ့ ထိုးကျလာတာကို မြင်ရတယ်။ ပရိတ်သတ်အားပေးမှု မရှိတဲ့အခါကျရင် ကစားသမားတွေလည်း ကစားတာ တော်တော်လေး ဒုက္ခရောက်တယ်။”

U-20 ကမ္ဘာ့ဖလားပွဲကို မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရခဲ့ရင် နိုင်ငံအတွက် အကျိုးအမြတ်တွေ ရှိလာစေမယ်လို့ ကိုမင်းမင်းက ပြောပါတယ်။

“လက်ခံကျင်းပမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံအတွက် ဘောလုံးအားကစားနည်းရော ခုနကပြောသလိုပေါ့ ကမ္ဘာမှာ မြန်မာနိုင်ငံကို လူသိပိုများသွားမယ့်အကျိုးရယ်၊ နောက်ပြီးတော့ ကမ္ဘာဖလား ဘောလုံးပွဲ ကျင်းပလာရင် ခရီးသွားလာရေးတွေ တိုးပွားလာမယ်၊ နောက်ဆုံးအခု မြန်မာပြည်ကနေ ပြင်ဆင်နေတဲ့ မော်တော်ယာဉ်တို့ နောက်ပြီးတော့ ညဈေးတန်းတွေ ၊ နောက်ပြီး မန္တလေးဘက်မှာဆိုရင်လည်း ခရီးသွားလာရေးအတွက် ready ဖြစ်နေလောက်ပြီပေါ့နော်။ အဲဒါနည်းတူ ကမ္ဘာဖလားဘောလုံးပွဲတွေ ကျင်းပလိုက်တဲ့အတွက် အဲဒီနေရာကနေပြီးတော့ ဈေးကွက်စီးပွားရေးတွေလည်း ပိုကောင်းလာမှာပေါ့နော်။”

U-20 မြန်မာအသင်းဟာ ၂၀၁၅ ခုနှစ် နယူးဇီလန်မှာ ကျင်းပခဲ့တဲ့ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် အုပ်စုပွဲမှာတင် ရှုံးနိမ့်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG