မြန်မာရေတပ်အတွက် စင်္ကာပူ ဒေါ်လာ ၂ သန်းဖိုးလောက် ရေအောက် အသံစနစ် Sonar System သုံး ကရိယာတွေ ရောင်းချခဲ့တဲ့ စင်္ကာပူနိုင်ငံသား ၂ ဦး က သူတို့မှာ အပြစ်ရှိကြောင်း စင်္ကာပူတရားရုံးမှာ ဩဂုတ်လ ၂၅ ရက်နေ့က ဝန်ခံထွက်ဆိုတာကို The Strait Times သတင်းစာမှာ ရေးသားထားပါတယ်။ စင်္ကာပူ Hydronav ကုမ္ပဏီက အရောင်းမန်နေဂျာနဲ့ ဒါရိုက်တာ တဦးဟာ မြန်မာနိုင်ငံအပေါ် တားမြစ်ထားတဲ့ လက်နက်အပါအဝင် မဟာဗျုဟာမြောက် စစ်သုံးပစ္စည်း ရောင်းချမှု ပိတ်ပင်ထားတဲ့ ဥပဒေကို ချိုးဖေါက်တယ်ဆိုပြီး စွဲချက် ၂ ခုနဲ့ တရားစွဲဆိုထားတာပါ။
သူတို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာရေတပ်အတွက် ပင်လယ်ကြမ်းပြင် ပုံထုတ်တဲ့ ပဲတင့်သံသုံး Sonar System အတွက် ပစ္စည်းကရိယာတွေ ရောင်းချခဲ့တာပါ။ ရေအောက် အသံစနစ်သုံး ကိရိယာတွေကို အင်ဒိုနီးရှားက ကုမ္ပဏီတခုကို ရောင်းချဖို့ဆိုပြီး သူတို့က နော်ဝေနိုင်ငံ Kongsberg ရေကြောင်းဆိုင်ရာ ကုမ္ပဏီကို လိမ်ညာခဲ့တယ်လို့စင်္ကာပူ အစိုးရ ရှေ့နေက ပြောပါတယ်။ မြန်မာနိုင်ငံက Light of Universe ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ တသန်းခွဲကျော်ဖိုး ၂၀၁၈ ခုနှစ် ဇူလိုင်လက ရောင်းချခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာရေတပ် Hydrographic Centre ပင်မ တိုင်းတာရေးတပ် အတွက် အသုံးပြုနေတာကို စင်္ကာပူအာဏာပိုင်တွေ စုံစမ်းသိရှိခဲ့ပါတယ်။
မြန်မာရေတပ်အတွက် Sonar System သုံး ကိရိယာတွေ ရောင်းချနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေ စင်္ကာပူ အကောက်ခွန်ဌာနက လက်ခံရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ကုမ္ပဏီကို စင်္ကာပူ တာဝန်ရှိသူတွေ ဝင်ရောက်စီးနင်းခဲ့သလို မှတ်တမ်းတွေနဲ့ ဒီဂျစ်တယ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။ ဒီအမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားရုံးမှာ စစ်ဆေးတာဖြစ်ပြီး စင်္ကာပူ Hydronav ကုမ္ပဏီအပေါ် စင်္ကာပူ ဒေါ်လာ တသန်းကျော် ဒဏ်ငွေရိုက်ဖို့ အစိုးရရှေ့နေတွေက တင်ပြထားပါတယ်။