အပစ်အခတ် ရပ်စဲပြီးနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို အစိုးရ နေရာချထားပေးတဲ့ နယ်မြေဟာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် အဲဒီနယ်မြေက ထွက်ခွာဖို့ အတွက် ရှမ်းတပ်ဖွဲ့ဖက်က တောင်းဆိုပြီးတဲ့နောက် နှစ်ဖက်တပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုးမှုနဲ့ ပတ်သက်ပြီး အမြင်သဘောထားကွဲလွဲတာတွေ ရှိနေပါတယ်။ လောလောဆည်မှာတော့ နှစ်ဖက်အဖွဲ့တွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးဖြေရှင်းသွားဖို့ လိုလားကြသလို ဒီလို ဖြေရှင်းနိုင်မယ်လို့လည်း ယုံကြည်ကြောင်း ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အကြား ဆွေးနွေးပွဲတွေ ဆက်တိုက်ကျင်းပပြီး သဘော တူညီချက်တွေ တဆင့်ပြီး တဆင့် ရရှိနေချိန်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားကြတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLOနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ အကြားမှာ အခုလို နယ်မြေစိုးမိုးမှုအပေါ် သဘောထား ကွဲလွဲတာတွေ ဖြစ်လာတာပါ။
လတ်တလော နှစ်ဖက်တပ်ဖွဲ့တွေ အကြား ဖြစ်ပေါ်နေတဲ့ အခြေအနေကို PNLO အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။
" ဒီလိုပါ။ ကျနော်တို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ ပြည်ထောင်စု အစိုးရနဲ့ သဘောတူညီချက် ပြုလုပ်တုန်းက ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကတူးကြီးဒေသမှာ ကျနော်တို့အခြေချဖို့ပေါ့လေ။ ဒါ သဘောတူညီချက်အရ ကျနော်တို့ တပ်ဖွဲ့တွေ ရှိပါတယ်။ အဲ့ဒီ့နေရာဒေသမှာ ဖွံ့ဖြိုးရေးအနေနဲ့ စီမံကိန်းတွေ ကျနော်တို့ ဆောင်ရွက်တာရှိပါတယ်။ ဖွံ့ဖြိုးရေးအနေနဲ့ ကျနော်တို့ စီမံဆောင်ရွက်နေတဲ့ အပေါ်မှာ RCSS ရဲ့ ၃၆၁ အတွင်းရေးမှူးကနေပြီးတော့မှ လွန်ခဲ့တဲ့ သြဂုတ်လ ၃ရက်နေ့တုန်းက စာနဲ့ အကြောင်းကြားလာတယ်။ သြဂုတ်လ (၈)ရက်နေ့မှာ ဒီက အပြီးထွက်ခွာသွားပေးဖို့ပေါ့လေ။ ဒီဒေသက သူတို့ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်ဆိုပြီး အကြောင်းကြားလာပါတယ်။ "
PNLO အဖွဲ့ကို မောက်မယ်မြို့နယ် ကတူးကြီးဒေသမှာ နေရာချထားစဉ်က RCSS အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးမှ အစိုးရက နေရာချထားခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။
RCSS/SSA ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့တပ်ရင်း ၃၆၁က စာပေးပို့ပြီးတဲ့နောက်မှာ ပအိုဝ်းအဖွဲ့ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့အတွက် သြဂုတ်လ ၅ရက်နေ့မှာ အကြောင်းပြန်ခဲ့ပါတယ်။ သြဂုတ်လ ၁၅ရက်နေ့မှာတော့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းရဲ့ တပ်ရင်း ၃၆၁က ပအိုဝ်းတပ်ဖွဲ့တွေ လှုပ်ရှားသွားလာမယ် ဆိုရင် သတင်းပေးပို့ဖို့နဲ့ သတင်းမပေးဘဲ သွားလာလို့ ပစ်ခတ် တိုက်ခိုက်မှုဖြစ်လာနိုင်တယ်လို့ ထပ်မံ စာပေးပို့ခဲ့ပါတယ်။
နှစ်ဖက်တပ်တွေ အကြား အခုလို သဘောထားကွဲလွဲနေတဲ့ အပေါ်မှာတော့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ကိုပဲ လိုလားကြောင်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
" ကျနော်တို့အနေနဲ့ မဟာမိတ်ဆက်ဆံရေး ဖြေရှင်းလို့ရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့အနေနဲ့ အထူးဂရုစိုက်တာကတော့ ဒါဟာ RCSS နဲ့ ကျနော်တို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် အဖွဲ့အစည်းနှစ်ခုအကြားမှာ နားလည်မှု မပြည့်စုံကြတာသာဖြစ်တယ်။ အဲ့ဒီ့နားလည်မှု မပြည့်စုံတာကိုလည်း ကျနော်တို့ အချင်းချင်း တွေ့ဆုံပြီးတော့ ညှိနှိုင်းဖြေရှင်းသွားရင် ပြေလည်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အထူးအားဖြင့် ကျနော်တို့ ဂရုစိုက်တာကတော့ ဒါဟာ ရှမ်းလူမျိုးများနဲ့ ပအို့ဝ်လူမျိုးများအကြား မှာ ဖြစ်တဲ့ ပြဿနာ မဟုတ်ဘူး။ လူမျိုးနှစ်ခု အကြားမှာ ဖြစ်တဲ့ ပဋိပက္ခ မဟုတ်ဘူး။ ဒါဟာ အဖွဲ့အစည်းနှစ်ခု အကြားမှာ တော်လှန်ရေး အဖွဲ့အစည်းနှစ်ခုအကြားမှာ နားလည်မှု မပြည့်စုံတာကို ပြည့်စုံအောင် ဆွေးနွေးညှိနှိုင်းသွားဖို့ သဘောထားရှိပါတယ်။"
RCSS/SSA ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ အတွင်းရေးမှုး ဒုဗိုလ်မှုးကြီး စိုင်းငင်းကတော့ ဒီကိစ္စကို စုံစမ်းနေဆဲဖြစ်ပြီး ဗဟိုအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ လိုလားကြောင်းလည်း ပြောပါတယ်။
" ဖြစ်စဉ် ကျနော်တို့ စိစစ်နေတုန်းပဲ။ ဘယ်လိုဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်။ အဲ့ဒီ့မောက်မယ်မှာ သတင်းသဲ့သဲ့လောက်ပဲ ကြားပါသေးတယ်။ သက်ဆိုင်ရာ တပ်မှူးတွေကို ကျနော်တို့ စိစစ်နေတုန်းပါ။ ဒါမျိုးကတော့ ခုန သူတို့ပြောသလိုပါပဲ။ ဆွေးနွေးညှိနှိုင်းပြီးတော့ ဖြေရှင်းရမယ့် ကိစ္စဖြစ်နေတာပေါ့ဗျာ။ အကယ်လို့ အဲ့သလိုဖြစ်တယ်ဆိုရင်ပေါ့လေ။"
RCSS/SSA တောင်ပိုင်းဟာ အစိုးရနဲ့ ၂၀၁၁ခုနှစ်ဒီဇင်ဘာလက အပစ်အခတ်ရပ်စဲထားပြီး PNLO အဖွဲ့ကတော့ ၂၀၁၂ခုနှစ် သြဂုတ်လမှာ အပစ်အခတ် ရပ်စဲထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။
လောလောဆည်မှာတော့ အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၅ဖွဲ့လောက်နဲ့ အပစ်အခတ်ရပ်စဲထားပြီးဖြစ်ပါတယ်။ ဒီလိုအပစ်အခတ် ရပ်စဲပြီးနောက်မှာတော့ တပ်နေရာချထားမှုနဲ့ နယ်မြေသတ်မှတ်မှုတွေ တိတိကျကျမရှိတာကြောင့် ရှမ်းပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ ရှမ်းတပ်ဖွဲ့တွေ အကြား မကြာခနတိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ကရင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲ၂ကြိမ်လောက် ဖြစ်ခဲ့ပါတယ်။