အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့စကားအားဖြင့် မြောက်ကိုရီးယားနဲ့ အင်မတန်အန္တရာယ်ကြီးတဲ့ အခြေအနေ ရောက်နေတဲ့အပေါ် တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ သောကြာနေ့ညမှာ တယ်လီဖုန်းဆက် ဆွေးနွေးမယ်လို့ မစ္စတာထရမ့်ပ်က ပြော ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်တာ ဒါမှမဟုတ် တခုခုလုပ်တာနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားကို အစောပိုင်းက သတိ ပေး ပြောဆိုခဲ့တာကိုလဲ သူကထပ်ပြောပါတယ်။ Guam ကျွန်းမှာ တခုခုဖြစ်ရင်တော့ မြောက်ကိုရီးယား အကြီးအကျယ် ဒုက္ခ ရောက်မယ်လို့ သမ္မတထရမ့်ပ်ကဆိုပါတယ်။ အမေရိကန်စစ်ဘက်ရဲ့ အဓိကဗဟိုဌာနတခုရှိတဲ့ Guam ကျွန်း ကမ်းလွန်ပင်လယ် ထဲကို ဒုံးကျည်တွေ ပစ်လွှတ်မယ်ဆိုပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်ထားတာပါ။
မြောက်ကိုရီးယားအပေါ် ပြင်းထန်အားကောင်းတဲ့ နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ အမေရိကန်က စဉ်းစားနေတယ် လို့လဲ နယူးဂျာစီပြည်နယ်က သူပိုင်ဂေါက်ကွင်းမှာ သမ္မတထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ပိုင် Guam ကျွန်းကိုပဲဖြစ်ဖြစ်၊ တခြား အမေရိကန် နယ်မြေတခုခု ဒါမှမဟုတ် မဟာမိတ်နိုင်ငံတခုခုကိုပဲဖြစ်ဖြစ် ခြိမ်းခြောက်လာမယ် ဒါမှမဟုတ် တိုက်ခိုက်လာမယ် ဆိုရင် မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ အချိန်မဆိုင်းဘဲ နောင်တရသွား စေရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က မြောက်ကိုရီးယားကို အစောပိုင်းမှာ သတိပေးစကား ပြောထားတာပါ။