သမ္မတ Donald Trump ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကိုယ်တိုင် ရေးသားထားတဲ့စာကို ဒီကနေ့ သောကြာနေ့မှာ လက်ခံ ရယူဖို့ ရှိနေပါတယ်။ ဒါဟာ ဇွန်လ ၁၂ ရက်နေ့မှာ ခေါင်းဆောင် ၂ ဦး စင်္ကာပူနိုင်ငံမှာ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေချိန်မှာ စီစာကို စာလက်ခံ ရရှိမှာလည်း ဖြစ်ပါတယ်။
နယူးယောက်မြို့ကတဆင့် ရောက်လာမယ့် မြောက်ကိုရီးယားအရာရှိ Kim Yong Chol သယ်ဆောင်လာမယ့် အဲဒီစာကို သမ္မတ Trump လက်ခံ ရယူမှာလည်း ဖြစ်ပါတယ်။ Kim Yong Chol ဟာ နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ အဆင့်အမြင့်ဆုံး မြောက်ကိုရီးယား အရာရှိလည်း ဖြစ်ပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ ကျင်းပနိုင်ခြေရှိတဲ့ထိပ်သီး စည်းဝေးပွဲ ဖြစ်မြောက်ရေး လက်တွေ့ကျတဲ့ တိုးတက်မှုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားအပြီး တရက်အကြာမှာ သမ္မတ Trump အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ စာကို လက်ခံ ရရှိမှာလည်း ဖြစ်ပါတယ်။
ထိပ်သီးစည်းဝေး ကျင်းပနိုင်ရေးအတွက် လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း သိသာတဲ့ တိုးတက်မှုတွေ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း နယူးယောက်မြို့မှာ Kim Yong Chol နဲ့ မနေ့က တွေ့ဆုံအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လုပ်ဆောင်စရာတွေ အများကြီး ကျန်သေးကြောင်း သူက ဆက်ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားတို့ဘက်က ဗြူဟာအသစ်ကို ချမှတ် ဆောင်ရွက်နေတယ်လို့ သူယူဆကြောင်း၊ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နြူကလီးယား ဖျက်သိမ်းရေးအတွက် နောက်ကြောင်း ပြန်လှည့်လို့ မရနိုင်အောင် စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးပါဝင် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ရရှိတဲ့ဘက်ကို ဦးတည်တဲ့ လမ်းကြောင်းကို မြောက်ကိုရီးယားတို့အနေနဲ့ ရွေးချယ်ရမှာဖြစ်ကြောင်း ဝန်ကြီး Pompeo က ပြောပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ရည်ရွယ်ပြီး တောင်နဲ့ မြောက်ကိုရီးယားကအဆင့်မြင့် အရာရှိတွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင် ထိပ်သီး စည်းဝေးပွဲ မကျင်းပခင်မှာ ပြုလုပ်တဲ့ စည်းဝေးပွဲလည်း ဖြစ်ပါတယ်။
နှစ်ဘက် ခေါင်းဆောင်တွေ သဘောတူထားကြတဲ့ အကြောင်းအရာတွေကို အဆင်ပြေ ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေးဝန်ကြီး Cho Myoung-gyon က Panmunjom မှာ ကျင်းပတဲ့ စည်းဝေးပွဲကို မသွားခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။