၂၀၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ ရုရှားဘက်က ဝင်ရောက်နှောက်ယှက်ခဲ့တယ်ဆိုတာနဲ့ပတ်သက် ပြီး အမေရိကန်ထောက်လှန်းရေး အသိုင်းအဝိုင်းက တင်ပြချက်တွေကို သူလက်ခံပါတယ်လို့ သမ္မတဒေါ်နလ်ထရမ့်က မနေ့ကပြောပါတယ်။
အရင်တနေ့တုန်းက ဖင်လန်နိုင်ငံမှာ ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တုန်းကတော့ အမေရိကန်ရွေးကောက်ပွဲကို ရုရှားကဝင်ပြီးနှောက်ယှက်တာမရှိဘူးလို့ သမ္မတပူတင်ရဲ့ငြင်းဆိုချက်ကို သမ္မတထရမ့်က ထောက်ခံခဲ့တာပါ။ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့နှောက်ယှက်မှု မလုပ်ခဲ့ဘူးဆိုတာကို သမ္မတထရမ့်က ထောက်ခံပြောဆိုတဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရီပါဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီ၂ရပ်လုံးက လွှတ်တော်အမတ် တွေ အပြင်းအထန်ဝေဖန် မှုတွေရှိလာခဲ့ပြီးနောက်တရက်မှာပဲ သမ္မတထရမ့်က သူပြောခဲ့တဲ့စကားကို ပြန်ပြင်ပြီးရှင်းပြ လာတာပါ။
" ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ စကားလုံးအစား ဖြစ်လိမ့်မယ်ဆိုတဲ့စကားလုံးကို ကျနော်ပြောခဲ့ပါတယ်။ ဝါကျမှာဖြစ်သင့်တာက ကျနော်ရေးချထားတဲ့အထဲမှာ ဒါမှမဟုတ် ဗွီဒီယိုထဲမှာ ကျနော်ပြောခဲ့တာက ရောထွေးသွားပုံရပါတယ်။ ကျနော်ပြောချင် တာက ရုရှားမဟုတ်ဘူးလို့ ပြောစရာအကြောင်းမရှိပါဘူးလို့ သမ္မတထရမ့်ပြောခဲ့တာပါ"
၂၀၁၆ခုနှစ်ရွေးကောက်ပွဲကာလနှောက်ယှက်မှုတွေမှာ ရုရှားတင်မက တခြားသူတွေလည်းပါဝင်နိုင် တယ်လို့သမ္မတ ထရမ့်ကပြောပါတယ်။ အမေရိကန် ထောက်လှန်းရေးအဖွဲကို မယုံပဲ ရုရှားသမ္မတရဲ့ပြောဆိုတာကို ယုံကြည်တဲ့အတွက် အမေရိကန် လွှတ်တော်အမတ်တွေ က သမ္မတထရမ့်ကို အပြင်းအထန်ဝေဖန်ရှုပ်ချခဲ့ကြတာပါ။
အမေရိကန်သမ္မတတဦးအနေနဲ့ သိက္ခာကျတဲ့လုပ်ရပ်တခုပဲ လို့ ဝေဖန်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ရုရှားရဲ့လုပ်ရပ်က ဒီမိုကရက်ပါတီရဲ့သမ္မတလောင်း အဖြစ်ဝင်ရွေးတဲ့ ဟီလာရီ ကလင်တန်ကို သူအနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ကို မထိခိုက်ခဲ့ဘူးလို့လည်း သမ္မတထရမ့် ကပြောပါတယ်။ ရုရှားရဲ့ ဝင်ရောက်နှောက်ယှက်တာကို အဆုံးသတ်ရမယ်၊ မဖြစ်အောင်လုပ်ရမယ်လို့ သမ္မတထရမ့်က ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။