သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ Kim Jong Un တောင်- မြောက် ကိုရီးယားနယ်စပ်မှာတွေ့


အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ဟာ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားကစစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနိုင်ငံဘက်အခြမ်းကို သွားရောက်ခဲ့ပြီးတော့၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါကြောင့် သမ္မတထရမ့်ဟာ သမ္မတအဖြစ်တာဝန် ထမ်းဆောင်နေရင်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်လာခဲ့ပါတယ်။ သမ္မတထရမ့်ဟာ ၂ နိုင်ငံကြားမှာ ရေးဆွဲထားတဲ့ နယ်စပ်မျဉ်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး၊ နယ်စပ်က Panmunjom ကျေးရွာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ လက်ဆွဲ နုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်တော့ ၂ နိုင်ငံခေါင်းဆောင် ၂ ယောက်ဟာ တောင်ကိုရီးယားနိုင်ငံဘက်အခြမ်းကို ပြန်ပြီးတော့ လမ်းလျှောက်ဝင်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သမ္မတထရမ့်ကို ပြန်တွေ့ရတာ ဝမ်းသာကြောင်း နဲ့ အခုလိုမျိုး ၂ နိုင်ငံ နယ်စပ်မှာ ပြန်တွေ့ကြလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလို့ ပြောပါတယ်။ သမ္မတထရမ့်ကလည်း အခုလို နယ်စပ်ကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံထဲကို ဝင်ရောက်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောကြားလိုက်ပြီး၊ မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ နောက်တကြိမ်တွေ့ဆုံ ဆွေးနွေးဖို့ အတွက် အမေရိကန်နိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မနေ့ စနေနေ့ကတော့ သူတို့ ၂ ယောက် တွေ့ဆုံမှုကို ၂ မိနစ်လောက်ပဲ ကြာမှာဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ ဒါပေမဲ့လည်း သူတို့ ၂ ဦးကြားသီးသန့်တွေ့ဆုံမှုက မိနစ် ၅၀ လောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ သူ နဲ့ ကင်ဂျုံအွန်းတို့ အလုပ်သဘောဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်အောင် အဖွဲ့တွေ့ဖွဲ့ဖို့ သဘောတူ ခဲ့ကြတယ်လို့ ဆွေးနွေးမှုအပြီး သမ္မတထရမ့်က ပြောပါတယ်။ ရိုက်တာသတင်းမှာတော့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ သဘောတူခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ၂ နိုင်ငံ ခေါင်းဆောင် ၂ ဦးကြား အခုတကြိမ်တွေဆုံ ဆွေးနွေး မှုဟာ တတိယအကြိမ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG