အမေရိကန်သမ္မတ Donad Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်၊ DMZ စစ်မဲ့ဇုန်မှာ တွေ့ဆုံနှုတ်ဆက်ဖို့ ဆန္ဒ္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။
ခေါင်းဆောင် Kim ကို တွေ့ဆုံလက်ဆွဲနှုတ်ဆက်ပြီး ဟယ်လိုလို့ နှုတ်ဆက်ရုံလောက်ပါလို့ သမ္မတ Trump က တောင်ကိုရီးယားကို မရောက်ခင် နာရီပိုင်းအလိုမှာပဲ တွစ်တာကနေ အဲဒီလို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာကျင်းပတဲ့ G 20 စက်မှုထိပ်သီးညီလာခံကို တက်ရောက်ခဲ့တဲ့ သမ္မတ Trump က ခေါင်းဆောင် Kim နဲ့ တွေ့ဆုံဖို့ ဆန္ဒ္ဒရှိတယ်ဆိုတာကို သတင်းစကားပါးဖို့ ဒီကနေ့ စနေနေ့ မနက်မှာပဲ ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံအပြီးမှာပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
အဲဒီလို တွေ့ဆုံနှုတ်ဆက်တာမျိုးက၂ မိနစ်လောက်ပဲကြာမှာပါလို့လည်း ပြောပါတယ်။ စစ်မဲ့ဇုန်က နယ်စပ်က နယ်နိမိတ်မျဉ်းကိုကျော်ပြီး မြောက်ကိုရီးယားမြေထဲ ခြေချလိုက်ဖို့လည်း ဝန်မလေးပါဘူးလို့ သမ္မတ Trump က ဆက်ပြောပါတယ်။
အဲဒီလို ဖြစ်လာမယ်ဆိုရင်တေ့ာ အမေရိကန် လက်ရှိသမ္မတတဦးအနေနဲ့ မြောက်ကိုရီးယားနိုင်ငံထဲ ပထမဆုံး အလည်အပတ်ရောက်ရှိတာ ဖြစ်ပါလိမ့်မယ်။
သမ္မတ Trump ရဲ့ ကမ်းလှမ်းချက်ကို ခေါင်းဆောင် Kim ဘက်က တုံ့ပြန်တာတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ကတော့ သမ္မတ Trump ရဲ့ ကမ်းလှမ်းချက်ကို စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ဖြစ်ပေမယ့် တရားဝင် ကမ်းလှမ်းလာတာမျိုး မရှိသေးဘူးလို့ အစိုးရပိုင် KCNA သတင်းဌာနကနေ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ခေါင်းဆောင် နှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုသာမက နှစ်နိုင်ငံ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုတွေ အဆင့်မြင့်လာစေမယ့် အဓိပ္ပါယ်ရှိတဲ့ အခါသမယလည်း ဖြစ်ပါလိမ့်မယ်လို့လည်း ဝန်ကြီး Hui က ထပ်လောင်း ပြောဆိုထားပါတယ်။