ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းမှာ ဒီကနေ့ (နိုဝင်ဘာ ၁၅) စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ် တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကွတ်ခိုင်မြို့နယ်က ပြည်သူ့စစ်စခန်းအချို့ကို သိမ်းပိုက်နိုင်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ စတဲ့ဒေသတွေမှာတော့ နေ့စဉ် လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ပြည်သူတွေစိုးရိမ်ကြောက်လန့်နေကြသလို လမ်းပန်းဆက်သွယ်မှုတွေ ပြတ်တောက်နေတဲ့အတွက် စားရေရိက္ခာအခက်အခဲတွေရှိလာနေပါတယ်။ ဒီနေ့ ရှမ်းမြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် ရက် ၂၀ ရှိလာခဲ့ပြီး တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲရှိနေပါတယ်။ ဒီကနေ့ မှာတော့ နောင်ချိုမြို့နယ်အတွင်းမှာ မနက်ကနေ နေ့ခင်းပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲရှိနေကြောင်း PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက VOA ကို ပြောပါတယ်။
“ မနက်ကနေ အခုထိတော့ နောင်ချို၊ ရွှေညောင်ပင်မှာတော့ တိုက်ပွဲက ပြင်းထန်နေတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ မနေ့က စကစရဲ့ စခန်း ၄ခုကို ကျမတို့ သိမ်းပိုက်နိုင်တယ်။ ဖြစ်စဉ်က မနေ့က ဖြစ်တယ်ပေါ့လေ။ လိုင်းအခက်အခဲကြောင့် ဒီနေ့ ထုတ်ပြန်တာပေါ့။ ”
သိမ်းယူခဲ့တဲ့ စခန်းတွေဟာ ကွတ်ခိုင်မြို့နယ် ရှောက်ဟော် ပြည်သူ့စစ်စခန်းနဲ့ လွယ်ကန် စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်စခန်း၊ တန့်ယန်းမြို့နယ်က စစ်ကောင်စီရဲ့ ဆိုင်းလျံတပ်စခန်းတို့ ပါဝင်ကြောင်းနဲ့ ကွတ်ခိုင်မြို့နယ် မုံဟွမ်နဲ့ မုံးပေါ် ပြည်သူ့စစ်အဖွဲ့တွေကလည်း လက်နက် ၁၀လက် လာရောက်အပ်နှံ ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေမှာကတော့ ဒီလ ၁၄ရက်နေ့ညနေပိုင်းက မူဆယ်မြို့နယ်အနီး လွယ်ကောင်မူး တပ်စခန်းကို TNLAက သိမ်းပိုက်လိုက်ကြောင်း ဖော်ပြကြပေမဲ့ TNLA ပြောရေးဆိုခွင့်ရှိသူကတော့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။
ဒီလ ၁၄ရက်နေ့ကတော့ နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းက ၃ကြိမ်ပစ်ခတ်ခဲ့ကြောင်း ကျောက်မဲအခြေစိုက် ခမရ ၅၀၂ကို TNLA ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်က သတင်းထုတ်ပြန်ထားပါတယ်။ နောင်ချိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ရက်သတ္တ ၂ပတ်ကျော်လာပြီဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာပဲ သီပေါမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားပြီး TNLA က ဘော်ကြိုအနီးက ကျင်သီ တံတား ကို ဒီလ ၁၂ရက်နေ့မှာ ဗုံးခွဲ ဖျက်ဆီးခဲ့ပါတယ်။ လောလောဆည်မှာတော့ မန္တလေး- လားရှိုး ပြည်ထောင်စုလမ်းမကြီးဟာလည်း အသွားအလာ ရပ်ဆိုင်းနေသလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ် နေတာကြောင့် ဒေသခံတွေ အခက်အခဲ တွေ့နေရ တယ်လို့ ကျောက်မဲမြို့ခံ တဦးက ပြောပါတယ်။
“စစ်ဖြစ်တယ်။ ပြီးတော့ လမ်းတွေ Cut off လုပ်ထားတယ်ဆိုတော့ လူထုကတော့ ကုန်စည်ပို့ဆောင် ရေးတွေ ဒုက္ခရောက်တယ်။ စားရေးသောက်ရေးတွေ ဝယ်ယူစားသုံးရတာ ဈေးကြီးတယ်။ ကုန်ပစ္စည်း ဈေးတက် တယ်လေ။ ပြီးရင် လက်နက်ကိုင်တွေ ရှိနိုင်တဲ့ နေရာတို့ စစ်တပ်က လက်နက်ကြီး လှမ်း ပစ်တယ်ဆိုရင် အချို့ရွာတွေ ရှောင်ရတယ်။ လူထုကတော့ နည်းနည်း ကြောက်ကြောက် လန့်လန့်နဲ့ နေနေရတာပေါ့။ ”
ဒေသတွင်း တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်နဲ့ နောင်ပိန်ရွာမှာ စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော် လောက် ရောက်ရှိနေတာပါ။ ကိုးကန့်ဒေသဘက်က တိုက်ပွဲအခြေအနေကိုတော့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက အခုလို ပြောပါတယ်။
“ဒီနေ့ကတော့ အခုအချိန်ထိ ကိုးကန့်ခရိုင်ရဲ့ မြောက်ဘက်ပိုင်း မော်ထိုက်ဒေသပေါ့နော။ အဲဒီ မော်ထိုက်ဒေသမှာရှိတဲ့ တပ်စခန်း ၃ခုကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်ဗျ။ ပြီးတော့ သိန္နီတို့ ဘက်ကလည်း စစ်ကစားမှုတွေတော့ လုပ်နေတာပေါ့နော်။”
ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ စစ်ရေးအရှိန်ဟာ ပိုမို မြင့်တက်လာနေပြီး လောက်ကိုင်ဒေသ ကိုရောက်နိုင်အောင် ဆက်လက် ချီတက်နေကြောင်း ဖော်ပြပါတယ်။ ဒီလ ၁၃ရက် နေ့ကတော့ လောက်ကိုင်မြို့နဲ့ ၅မိုင်ကျော်အကွာက ပါစင်ကျော်ကို သိမ်းယူနိုင်ကြောင်း MNDAA က ထုတ်ပြန်ထားပါတယ်။ ဒီလ ၁၃ရက်နေ့မှာပဲ ကွတ်ခိုင်မြို့နယ် တာမိုးညဲရှိ ခလရ ၁၂၃ တပ်စခန်းကို ကချင် KIA က သိမ်းယူခဲ့ ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီလ ၁၄ရက်နေ့က ရှမ်းမြောက်ဒေသ တာရွှေထန်ဘက်မှာ ထိတွေ့တိုက်ပွဲ အနည်းငယ်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ် ထုတ်ပြန်တာတော့ မရှိပါဘူး ။