ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို TNLA က သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရက်ပိုင်းမှာပဲ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မိသားဝင် စုစုပေါင်း ၂၀၀ နီးပါးကို ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA ပြောခွင့်ရက ဗွီအိုအေကို အတည်ပြုပါတယ်။ သီပေါမြို့သိမ်း တိုက်ပွဲကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ မိသားစုဝင် အားလုံးကို TNLA က လမ်းခရီး လုံခြုံရေး ညှိုနှိုင်းချက်တွေနဲ့ ပြန်လွှတ်ပေးနေတဲ့အကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့ အခြေစိုက် စစ်ကောင်စီ နောက်ဆုံးလက်ကျန်တပ် ခလရ ၂၃ ကို TNLA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၃ရက်နေ့ တနင်္ဂနွေနေ့ နေ့ခင်းက သိမ်းယူလိုက်တဲ့နောက် ရက်ပိုင်းမှာပဲ မြို့သိမ်းတိုက်ပွဲကာလ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် စုစုပေါင်း၂၀၀နီးပါးကို TNLA က ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့သူတွေမှာ သီပေါအခြေစိုက် ခမရ ၅၀၃၊ ၅၀၄ နဲ့ ခလရ ၂၃က မိသားစုဝင်တွေ ပါဝင်ပြီး လူသားချင်းစာနာထောက်ထားသောအားဖြင့် စစ်ကောင်စီတပ်မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူလွေးယေဦးက VOA ကို အခုလို ပြောပါတယ်။
“ မနေ့က ကျမတို့က လူသားချင်းစာနာထောက်ထားသောအားဖြင့်ပေါ့နော်။ ဒီ သီပေါမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကို ကျမတို့က ပြန် လွှတ်ပေးတာ ဖြစ်ပါတယ်။ အားလုံးပေါင်းကတော့ ၁၉၀ကျော်။ ၂၀၀ နီးပါးရှိပါတယ်။ ကျမတို့ ၅၀၃၊ ၅၀၄ကို တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာ ဖမ်းမိတာရှိသလို ဒီ ခလရ ၂၃ကို သိမ်းတဲ့အချိန်မှာ ဖမ်းမိတာမျိုးတွေလည်း ရှိပါတယ်။ လက်ရှိကတော့ အားလုံး ပြန်ပေါင်းပြီးတော့ အားလုံး ပြန်လွှတ်ပေးပြီးဖြစ်ပါတယ်။”
စက်တင်ဘာလ ၂၆ရက်နေ့က ခမရ ၅၀၃ကို TNLA က သိမ်းယူပြီး တပ်အတွင်းက မိသားစု ၃၈စု၊ ကျား ၁၁ဦး၊ မ ၄၈ဦးနဲ့ ကလေး ၄၃ဦး၊ စုစုပေါင်း ၁၀၂ ဦး။ စက်တင်ဘာလ ၂၇ရက်နေ့မှာ ခမရ ၅၀၄ က အိမ်ထောင်စု ၃၄စု၊ ကျား ၁၆ဦး၊ မ ၃၉ဦး၊ ကလေး ၃၄ဦး၊ စုစုပေါင်း ၉၈ဦး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်ဆိုတာ TNLA က သတင်းထုတ်ပြန် ထားပါတယ်။ ဒီလအောက်တိုဘာလ ၁၂ရက်နေ့မှာလည်း ကား ၄စီးနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြပါတယ်။
ဒီသတင်းထုတ်ပြန်ချက်စာရင်းမှာတော့ ဒီလ ၁၃ရက်နေ့က သိမ်းယူလိုက်တဲ့ ခလရ ၂၃က စာရင်းကို ဖော်ပြထားတာတော့ မရှိပါဘူး။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ သီပေါ ခလရ ၂၃ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၃၀၀ကျော်ဟာ ၁၂ဘီးကား ၃စီးနဲ့ ကားအငယ် ၇စီးကျော်နဲ့ မိုင်းရယ်မြို့ကို ဆုတ်ခွာသွား ကြောင်း ရှမ်းဘာသာနဲ့ ဖော်ပြထားပါတယ်။ ဒီလိုဆုတ်ခွာတာဟာ စစ်ကောင်စီတပ်နဲ့ TNLA အကြား နှစ်ဘက် ညှိနှိုင်းချက် ရှိနိုင်သလို MNDAA ကိုးကန့်တပ်နဲ့လည်း ညှိနှိုင်းတာတွေ ရှိနိုင်ကြောင်း ဒေသခံတဦးကသုံးသပ်ပြောဆိုပါတယ်။
“တကယ်တမ်းဆိုရင် သီပေါကနေ မိုင်းရယ်ကို သွားတယ်ဆိုတာ၊ TNLA နယ်မြေကိုလည်း ဖြတ်ရသလို ကိုးကန့်နယ်မြေကိုလည်း ဖြတ်ရတယ်လေ။ လမ်းမှာ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ မိုင်းရယ်ထိ ရှောရှောရှုရှု ရောက်သွားတယ်ဆိုကတည်းက ပြောမယ်ဆိုရင်တော့ သုံးပွင့်ဆိုင် နားလည်မှု ယူတဲ့သဘော။ TNLA နဲ့ တပ်နဲ့ပဲ ယူတာမဟုတ်တော့ဘူးလေ။ သုံးပွင့်ဆိုင် နားလည်မှုယူပြီးတော့ ထွက်သွားတဲ့သဘောပေါ့နော်။”
လောလောဆယ်မှာတော့ သီပေါမြို့မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ နောင်ချိုမြို့နယ် တောင်ခမ်းဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီလ ၁၄ ရက်နေ့ကတော့ စစ်ကောင်စီက MNDAA ထိန်းချုပ်ထားတဲ့လားရှိုးမြို့အနောက်ဘက် အီနိုင်းရွာနဲ့ နားမခေါ်ကားကွင်းကို ၂ ကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
အီနိုင်းရွာ တိုက်ခိုက်မှုမှာတော့ လူ ၃ယောက်သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရကြောင်း နဲ့ နားမခေါ် ကားကွင်း တိုက်ခိုက်မှုမှာ တယောက်သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်ဒေသ တိုက်ပွဲ -ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TNLA ပြန်လွှတ်ပေးနေတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။
Forum