ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေဆီကို သွားရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဝါရှင်တန် မြို့တော်ကနေ အင်္ဂါနေ့က ထွက်ခွာသွားပါပြီ။
မတ်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ ၄ ရက်ကြာ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့တော်ဆီကို အရင်သွားမှာဖြစ်ပါတယ်။ ဂျပန်မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ၊ နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့နဲ့ တေ့ွဆုံပါလိမ့်မယ်။ အဲဒီနောက် Seoul မြို့တော်ကိုသွားပြီးရင် ဘေဂျင်းမြို့တော်ကို နောက်ဆုံးသွားပါလိမ့်မယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပြစ်လွှတ်မှုနဲ့ နျူကလီးယား ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေချိန်မှာ အာရှ ပစိဖိတ်ဒသဆီကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ပထမဆုံးခရီး သွားတာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာ ၃ နိုင်ငံလုံးမှာ သက်ဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူတွေကို တေ့ွဆုံပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ရန်ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ကိစ္စ၊ အာရှ ပစိဖိတ်ဒေသထဲမှာ အမေရိကန်ရဲ့ ကတိတွေကို ထပ်မံ အာမခံဖို့နဲ့ အမေရိကန် စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားတွေ ချဲ့ထွင်ရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်ကို တောင်ကိုရီးယားနိုင်ငံမှာ ထားရှိဖို့ ရှေ့တိုးဆောင်ရွက်မှုတွေအပေါ် တရုတ်က အစွမ်းကုန် ကန့်ကွက်နေချိန်မှာ အမေရိကန် နိုင်ငံနိုင်ငံခြားရေးဝန်ကြီးက THAAD စနစ်ဟာ မြောက်ကိုရီးယားရဲ့ ရန်ကို ကာကွယ်ဖို့ဖြစ်တယ်လို့ တရုတ်ခေါင်းဆောင်တွေကို ရှင်းပြရလိမ့်မယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောနေကြပါတယ်။
သူဟာ တရုတ်သမ္မတ Xi Jinping ၊ ဝန်ကြီးချုပ် Li Keqiang ၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ နိုင်ငံတော်ကောင်စီဝင် Yang Jiechi တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
တောင်ကိုရီးယားမှာ နိုင်ငံရေးအရှုပ်တော်ပုံကြောင့် အရင်သမ္မတ Park Geun-hye ရာထူးကနေ ဖယ်ရှား ခံထားရချိန်ဖြစ်ပါတယ်။ ယာယီသမ္မတ Hwang Kyo-ahn ၊ နိုင်ငံခြားရေးဝန်ကြီး Yun Byung-se တို့နဲ့တေ့ွဆုံတဲ့အခါ မစ္စတာ Tillerson ဟာ မြောက်ကိုရီးယား အရေးကိစ္စနဲ့ THAAD ဒုံးလက်နက်ရန် ကာကွယ်ရေး စနစ်အကြောင်းကို အဓိကထား ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။
ဒီခရီးစဉ်ကနေ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ဝန်ကြီး Tillerson တေ့ွဆုံပြီး ၂ နိုင်ငံကိစ္စတွေအပြင် မြောက်ကိုရီးယားရဲ့ Nuclear ဒုံးရန်ကို ကာကွယ်ဖို့ မဟာဗြူဟာမြောက် ပူးပေါင်း ေဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ အရှေ့အာရှနဲ့ ပစဖိတ်ရေးရာ အမေရိကန် ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Susan Thornton က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။