အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ ဒီသတင်းပတ်မှာ အာရှဒေသကို ခရီးထွက်ခွာမှာ ဖြစ်ပြီး တိုကျို၊ ဆိုးလ်နဲ့ ဘေဂျင်းမြို့တော်တွေကို သွားရောက်မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အထိအရှမခံ တင်းမာနေပြီး တောင်ကိုရီးယားရဲ့ နိုင်ငံရေး ပဋိပက္ခ၊ လုံခြုံရေးနဲ့ ကုန်သွယ်ရေးပိုင်းမှာ တရုတ်နဲ့ မပြေမလည် ဖြစ်နေချိန်မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အာရှ ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံ အနေနဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို လက်လွှတ်လိုက်ခြင်းကသာ အထီးကျန်မှုနဲ့ စီးပွားရေး မအောင်မြင်မှုတွေကို ဖြေရှင်းနိုင်မယ့် တခုတည်းသော နည်းလမ်းဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ပြောဆိုပါတယ်။ အမေရိကန်ဘက်ကတော့ မူဝါဒကို ပြန်လည် သုံးသပ်နေပြီး စဉ်းစားနေတဲ့ အချက်တွေလည်း ရှိနေတယ်လို့ လည်း ပြောပါတယ်။
အမေရိကန် သမ္မတ Trump အစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယားနဲ့ တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းမှုတွေကို ဘယ်လို ပုံစံမျိုးနဲ့ မဆို လုပ်မှာမဟုတ်ဘူးလို့ The Diplomat စာစောင်ရဲ့ အာရှ ပစိဖိတ် မျက်မှောက်ရေးရာ တွဲဖက် အယ်ဒီတာ Ankit Panda က သုံးသပ်ပါတယ်။ တရုတ်နဲ့ ပတ်သက်လို့တော့ တရုတ်နဲ့ အမေရိကန် သမ္မတ နှစ်ဦးတို့ကြား စောစောစီးစီး တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာနိုင်မလားဆိုတဲ့ အပေါ် လေ့လာသူတွေက အလေးထား စောင့်ကြည့်ကြမှာလို့လည်း Ankit Panda က ပြောပါတယ်။
သူ့အမြင်ကတော့ တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တို့ရဲ့ ဆွေးနွေးပွဲက အစောဆုံး နောက်လလောက်မှာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းကလည်း တယ်လီဖုန်း ဆက်သွယ် ပြောဆိုခဲ့ကြသေးတာ ဖြစ်ပါတယ်။ အခု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးTillerson ရဲ့ တရုတ် ခရီးစဉ်ကတော့ တွေ့ဆုံဆွေးနွေးရေး အတွက် ပြင်ဆင်မှုလည်း ဖြစ်နိုင်ကြောင်း Ankit Panda က ပြောဆိုပါတယ်။