[[Zawgyi/Unicode]]
တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့ တရုတ်အစိုးရအကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စနိုင်ရေးနဲ့ တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်မယ့် “တိဘက်အရေးကိစ္စများဆိုင်ရာ အထူး ပူးပေါင်းဆောင်ရွက်ရေးမှူး” အသစ်ကို အမေရိကန်က တနင်္လာနေ့မှာ ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။
နိုင်ငံခြားရေးဌာနရဲ့ အဆင့်မြင့် အရာရှိတဦးဖြစ်သူ -လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကို ဒီရာထူးအတွက် ခန့်အပ် တာဝန်ပေးအပ်ခြင်းဟာ သမ္မတ ဘိုင်ဒန်အစိုးရအနေနဲ့ တိဘက်အရေးကိစ္စတွေအပေါ် အလေးပေး ဆောင်ရွက်နေတယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
“လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya အနေနဲ့ လက်ရှိ ရာထူးတာဝန်တွေကို ထမ်းဆောင်နေတဲ့ တချိန်တည်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဒါမှမဟုတ် သူ့ရဲ့ကိုယ်စားလှယ်တွေ၊ သို့တည်းမဟုတ် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ထားတဲ့ တိဘက်ခေါင်းဆောင်တွေအကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီး Blinken က ပြောပါတယ်။
ဒါ့အပြင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နဲ့ ယုံကြည်ပိုင်ခွင့် အပါအဝင် တိဘက်လူမျိုးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစားလိုက်နာရေးတို့ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီး Blinken က ပြောပါတယ်။
ဒီကြေညာချက်ကြောင့် တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုတွေ ပိုရှိလာနိုင်ပါတယ်။
=========
[[Unicode]]
#USTibet #USSpecialCoordinatorForTibetanIssues #VOABurmese
=============