သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယအကြိမ် ပင်လုံညီလာခံ ဧပြီလကုန်မှ ကျင်းပနိုင်ဖွယ်ရှိ


( ၁၄ ) ကြိမ်မြောက် UPDJC " ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု့ပူးတွဲကော်မတီ" အစည်းအဝေး (Hla Maung Shwe)
( ၁၄ ) ကြိမ်မြောက် UPDJC " ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု့ပူးတွဲကော်မတီ" အစည်းအဝေး (Hla Maung Shwe)

ရက်ရွှေ့ဆိုင်းထားရတဲ့ တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ဧပြီလကုန်ပိုင်းလောက်မှာမှ ကျင်းပနိုင်လိမ့်မယ်လို့ UPDJC တာဝန်ရှိသူတွေနဲ့ အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တချို့က ပြောကြားလိုက်ပါတယ်။ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတာ မပြီးစီးမချင်း ၂၁ ရာစု ပင်လုံညီလာခံကို ပြန်စနိုင်မှာ မဟုတ်သေးဘူးလို့ ပြောဆိုကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ဇန်နဝါရီလကုန်ပိုင်းမှာ ကျင်းပမယ်လို့ အစောပိုင်းတုန်းက စီစဉ်ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရပြီး ဖေဖေါ်ဝါရီလထဲ ကျင်းပနိုင်ဖို့ မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့ ၂၁ ရာစု ပင်လုံညီလာခံပတ်သက်တဲ့ အခြေခံလိုအပ်ချက်တွေအရ အပစ်ရပ်ထားတဲ့ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေ မိမိတို့ သက်ဆိုင်ရာဒေသမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးစီးမှသာ ပင်လုံညီလာခံကို ကျင်းပသွားနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် RCSS/ SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီတို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ ကျန်နေသေးတာကြောင့် သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း လုပ်သွားရင်တောင် ဧပြီလကုန်ပိုင်းကျမှ ၂၁ ရာစု ပင်လုံညီလာခံကို အစောဆုံး ကျင်းပနိုင်မှာဖြစ်တယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် (SNLD ပါတီရဲ့အတွင်းရေးမှူး)က VOA ကိုပြောပါတယ်။

"၂၁ ရာစု ပင်လုံညီလာခံလုပ်ဖို့အတွက် ရှေ့မှာလုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေရှိတယ်။ ဒီဟာတွေက အဆင်မပြေသေးဘူးဆိုရင် ရှေ့ဆက်သွားဖို့က နည်းနည်းခက်နေသေးတယ်။ တကယ်လို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးသွားတယ်ဆိုရင်တောင် အဲဒီကနေ ထွက်လာတဲ့ သဘောထားတွေ ကို လုပ်ငန်းကော်မတီမှာ ပေးပို့ပြီးတော့ လုပ်ငန်းကော်မတီမှာ ဆွေးနွေးရမှာဖြစ်တယ်။ ပြီးမှသာလျင် အဲဒီဆွေးနွေးချက်တွေက UPDJC ကိုရောက်မယ်။ အဲဒီတော့ ၂ လလောက်အတွင်းမှာ ဘယ်လိုမှ ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်မှာမဟုတ်ဘူး။ သင်္ကြန်တော့ကျော်သွားမှာပဲ။"

၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် (၁၀)ဖွဲ့ထဲက အတော်များများ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပေမယ့် RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ရှမ်းပြည်နယ် လင်းခေးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို တပ်မတော်က တားမြစ်ခဲ့တာကြောင့် အစိုးရတပ်နဲ့ RCSS ကြား တင်းမာမှုတွေ ရှိခဲ့တာပါ။ အခုတော့ RCSS နဲ့ အစိုးရတို့ကြား ညှိနှိုင်းမှု ပြေလည်သွားပြီမို့ ၂၁ ရာစု ပင်လုံညီလာခံကို သင်္ကြန်မတိုင်ခင် (သို့) သင်္ကြန်အပြီး ဧပြီလကုန်မှာ ကျင်းပ နိုင်မယ်လို့ မျှော်လင့်မိကြောင်း ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

"ကျနေ်ာတို့က ဘာပဲပြောပြော ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ၂၁ ရာစု ပင်လုံရဲ့ အခြေခံတွေဖြစ်တာကို ။ ၂၁ ရာစု ပင်လုံရဲ့ အခြေခံတွေဖြစ်တဲ့ လုပ်ဖို့ ယာထားတဲ့ အမျိုးသားအဆင့်တွေ ကျင်းပနိုင်ရေးအတွက်ကလည်း အရေးကြီးပါတယ်။ အဲဒီလို ကျင်းပနိုင်ဖို့ ကာယကံရှင်တွေရော ၊ အစိုးရတပ်မတော် လွှတ်တော်ဘက်ရော၊ နိုင်ငံရေးပါတီတွေဘက်ကရော စဉ်းစားပြီးတော့မှ ဒါကို တိုက်တွန်းကြတာရှိပါတယ်။ နောက်ပြီး RCSS ကိုယ်စားလှယ်ကလည်း ပြောထားသလိုပဲ အစိုးရက ပြောထားတဲ့ သဘောထားတွေကို သူတို့ RCSS အတွင်းမှာ အကြေအလည်ဆွေးနွေးပြီးတော့မှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းမယ်ဆိုတဲ့ သဘောထားမျိုးကိုလည်း ဒီဆွေးနွေးပွဲမှာ ပေးနိုင်ခဲ့တာလည်း ကျနော်တို့ မျှော်လင့်တဲ့ သင်္ကြန်မတိုင်ခင် သို့မဟုတ် သင်္ကြန် အရှေ့လောက်မှာ ဖြစ်နိုင်တဲ့ အလားအလာကောင်းတရပ်ပါပဲ ။"

မြန်မာနိုင်ငံတွင်း တိုင်ရင်းသား လက်နက်ကိုင် (၂၁)ဖွဲ့ရှိတဲ့အထဲမှာ ခုဆိုရင် (၁၀)ဖွဲ့က NCA ကိုလက်မှတ်ထိုးလိုက်တာကြောင့် နောက်ထပ် (၁၁)ဖွဲ့ကျန်သေးတာပါ။ NLD အစိုးရနဲ့ တပ်မတော်က လုပ်ဆောင်နေတဲ့ ကြိုးပမ်းမှုအရဆိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အားရစရာ မရှိဘူး လို့ စိုင်းကျော်ညွန့်က ဝေဖန်လိုက်ပါတယ်။

( ၁၄ )ကြိမ်မြောက် UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ) အစည်းအဝေးကို နေပြည်တော်က NRPC ရုံးမှာ ဖေဖေါ်ဝါရီ ၂၇ ဒီကနေ့မွန်းလွဲပိုင်းမှာ ကျင်းပခဲ့ပေမယ့် ၂၁ ရာစု ပင်လုံညီလာခံ ပြန်လည်ကျင်းပရေးကိစ္စကို ဆွေးနွေးခဲ့ကြတာတော့ မဟုတ်ပါဘူး။

အစိုးရ ၊ လွှတ်တော်နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေ၊ တိုင်ရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် EAO တွေနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ်တွေ အပြင် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ တက်ရောက်တဲ့ ဒီအစည်းအဝေးမှာတော့ မကြာသေးခင်က NCA စာချုပ်မှာ လက်မှတ် ထိုးလိုက်တဲ့ NMSP နဲ့ LDU တို့ကိုကြိုဆိုပြီး UPDJC အဖွဲ့ဝင်တွေအဖြစ် အတည်ပြု သတ်မှတ်လိုက်ကြပါတယ်။ အခုဆိုရင် NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်ရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့ရှိသွားပြီး EAO ရဲ့ကိုယ်စားလှယ် (၁၆)ဦးကို UPDJC အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖို့ ရှိပေမယ့် လောလောဆယ် EAO တဖွဲ့စီက ကိုယ်စားလှယ်(၁)ဦးစီကိုသာ ရွေးချယ်ရသေးတာပါ။ ကျန်တဲ့ ကိုယ်စားလှယ် (၆)ဦးကိုတော့ လက်နက်ကိုင်အဖွဲ့ထဲကပဲ ဆက်လက်ညှိနှိုင်းရွေးချယ်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG