ဇန်နဝါရီလ ၂၇ ရက်နေ့ စနေနေ့တုန်းက ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းမှာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ ကြိုဆိုထောက်ခံပွဲက သရုပ်ဖော်တင်ဆက်မှုတချို့ကို တပ်မတော်က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ကဦးစီးကျင်းပခဲ့တဲ့ပွဲမှာ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဝင် ဦးမင်းကိုနိုင်ပြောကြားခဲ့တဲ့ ကလေးစစ်သား အသုံးပြုခြင်းဆိုင်ရာ ဟောပြောချက်အပါအဝင် သရုပ်ဖော်ပြသမှုတချို့ဟာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းမှုတွေကို ထိခိုက်စေတဲ့အပြင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်နစ်နာစေတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးသရုပ်ဖော်အစီအစဉ်မှာ စစ်စိမ်းရောင်ယူနီဖောင်းဝတ်ဆင်ထားသူများက ကလေးသူငယ်များကို သေနတ်ချိန်ရွယ်ထားတဲ့ ပြကွက်ကို ဖန်တီးသရုပ်ဖော်ထားတာနဲ့ပါတ်သက်လို့လည်း တပ်မတော်အနေနဲ့ ပြည်သူလူထုအပေါ် လက်နက်နဲ့ ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ အထိတ်တလန့် ဖြစ်စေခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ကြိုဆိုထောက်ခံပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေဟာ အပြုသဘောဆောင် ဖျော်ဖြေမှုတွေဖြစ်ပေမဲ့ တချို့အစီအစဉ်ပါ တင်ဆက်မှုတွေကတော့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းမှုတွေကို ထိခိုက်စေတဲ့အပြင် ဦးမင်းကိုနိုင်ရဲ့ ဟောပြောချက်ဟာလည်း ကလေးစစ်သားသုံးစွဲမှုနဲ့ ပတ်သက်လို့ မှားယွင်း မသိနားမလည်ဘဲ ပြောခဲ့တာဖြစ်လို့ တပ်မတော်အနေနဲ့ ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။