မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေကြားမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် လူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ ပြောဆိုပါတယ်။
မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရှုံးအနိုင် အပြီးသတ် အပြတ်ဖြတ်ရေး ဆိုတဲ့ စိတ်ဓါတ်နဲ့ လုပ်နေတာတွေကို စွန့်လွှတ်ပြီး လက်ရှိအခြေအနေကို ကျော်လွှားဖို့လိုတယ်လို့လည်း အထူးသံတမန် Julie Bishop က ပြောဆိုသွားပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တခုတည်းသော နည်းလမ်းဟာ ပြန်လည်သင့်မြတ်ရေးအတွက် လမ်းဖွင့်ပေးဖို့ ဖြစ်တဲ့ အကြောင်းလည်း အထွေထွေညီလာခံ တတိယကော်မတီမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်တဲ့ Julie Bishop ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ မနေ့က မိန့်ခွန်းပြောကြားတာပါ။
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဟာ အရင်တခါမှ မကြုံဖူးတဲ့ အခြေအနေ ဖြစ်တယ်ဆိုတာကို ပဋိပက္ခမှာ ပါဝင်နေသူ အားလုံး လက်ခံဖို့ လိုတယ်လို့လည်း Julie Bishop က ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား လူ သုံးသန်း နှစ်သိန်းလောက် အိုးမဲ့အိမ်မဲ့ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ အကျပ်အတည်းကို သူက အလေးအနက်ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူပြီးတဲ့နောက် နေပြည်တော်မှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ NLD အမျိုးသား ဒီမိုကရစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို သီးခြားတွေ့ဆုံခဲ့တဲ့အကြောင်းလည်း မနေ့က အထွေထွေညီလာခံမှာ ပြောဆိုသွားပါတယ်။
Forum