သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီမှာ ရုရှား ပြန်ပါရေး မပါရေး ကုလမဲခွဲမည်


ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တော်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာတွေ့ရတဲ့ ရုရှားကိုယ်စားပြုထိုင်ခုံ (မေ ၁၂၊ ၂၀၂၂)
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တော်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာတွေ့ရတဲ့ ရုရှားကိုယ်စားပြုထိုင်ခုံ (မေ ၁၂၊ ၂၀၂၂)

ရုရှားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာ ပြန်ပါဝင်ခွင့်ပြုရေး မပြုရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ကြဖို့ရှိပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်က လူ့အခွင့်အရေးကောင်စီကနေ ရုရှားကို ထုတ်ပယ်ထားခဲ့တာပါ။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာအခြေစိုက်တဲ့ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်ပြီး အဖွဲ့ဝင် တနိုင်ငံချင်းစီက ဒေသတွင်းက နိုင်ငံ ၅ နိုင်ငံကို ကိုယ်စားပြုပေးရတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ အယ်ဘေးနီးယားနဲ့ ဘူဂေးရီးယားနိုင်ငံတွေနည်းတူ ၃ နှစ်သက်တမ်းရှိတဲ့ လူ့အခွင့်အရေးကောင်စီက ၂ နေရာမှာ တနေရာရနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲ ၂ လနီးပါးကြာတဲ့အချိန် ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ရုရှားကို လူ့အခွင့်အရေးကောင်စီက ထုတ်ပယ်ပစ်ဖို့ အထွေထွေညီလာခံက ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂၄ မဲနဲ့ မဲခွဲ အတည်ပြုခဲ့တာပါ။

တနင်္လာနေ့တုန်းကတော့ ရုရှားဟာ အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော် တိုက်ခိုက်သူ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်သူ၊ အရပ်ဘက် အဆောက်အဦးတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးသူ၊ ကလေးငယ်တွေကို သူတို့အိမ်တွေက ခေါ်ထုတ်ပြီး ပြည်နှင်ပေးသူ လို့ ကုလသမဂ္ဂဆိုင်ရာ အယ်ဘေးနီးယားသံအမတ်ကြီး Ferit Hoxha က လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

စစ်ရာဇဝတ်မှုတွေအပါအဝင် တခြား ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ ရုရှားကို လူ့အခွင့်အရေးကောင်စီထဲ ပြန်ဝင်ခွင့်ပြုလိုက်ရင် လူ့အခွင့်အရေးကောင်စီအတွက် အမည်းစက်တင်သွားလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက် အမေရိကန်သံအမတ်ကြီး Robert Wood ကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG