နျူကလီးယားလက်နက် စမ်းသပ်မှု အလုံးစုံ တားမြစ်ရေး နိုင်ငံတကာ သဘောတူစာချုပ်မှာ ပါဝင် လက်မှတ် ရေးထိုးထားတာကို ပြန်ရုပ်သိမ်းသင့်မသင့် ရုရှားလွှတ်တော်အမတ်တွေက ပြန်လည် သုံးသပ်မယ့်အကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
ဒီနိုင်ငံတကာ သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စုက ဘယ်တုန်းကမှ လက်မှတ်ရေးထိုးခဲ့တာ မရှိသလို၊ ရုရှားအနေနဲ့လည်း ပြန်လည် ရုပ်သိမ်းဖို့ စဥ်းစားနေတယ်လို့ ရုရှားသမ္မတ Vladimir Putin က သတိပေး ပြောဆိုခဲ့ပြီး မကြာခင်မှာပဲ လွှတ်တော်ဥက္ကဋ္ဌရဲ့ ခုလို ထုတ်ပြန်ချက်လည်း ထွက်လာတာပါ။
အမျိုးသား အကျိုးစီးပွားနဲ့အညီ ဆောင်ရွက်ဖို့အတွက် ခုလို စဥ်းစားလာရတာဖြစ်ပြီး ဒီစာချုပ်ကို ခုချိန်ထိ လက်မှတ် မထိုးသေးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ရပ်အတိုင်း တူညီတဲ့ တုံ့ပြန် ဆောင်ရွက်မှုလည်း ဖြစ်ပါလိမ့်မယ်လို့ ရုရှား လွှတ်တော်ဥက္ကဋ္ဌ Volodin က ပြောပါတယ်။
ကမ္ဘာတဝန်း နျူကလီးယား လက်နက် ဖောက်ခွဲ စမ်းသပ်မှု ဘယ်လိုလုပ်ရပ်မျိုးကိုမဆို တားမြစ်တဲ့ ၁၉၉၆ ခုနှစ် နိုင်ငံတကာ သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၈၇ နိုင်ငံက လက်မှတ် ရေးထိုးထားတာပါ။ ဒါပေမဲ့ လက်မှတ်မထိုးထားတဲ့ နိုင်ငံ ၈ နိုင်ငံရှိပြီး ဒီအထဲမှာ အမေရိကန်ပြည်ထောင်စုလည်း ပါ ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ခုလို ပြန်လည် ရုပ်သိမ်းမယ်ဆိုတာက စိုးရိမ်စရာ ကောင်းသလို၊ အင်မတန် စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်လို့ နျူကလီးယား လက်နက် စမ်းသပ်မှု တားမြစ်ရေး နိုင်ငံတကာသဘောတူ စာချုပ်အဖွဲ့ရဲ့ အမှုဆောင်အရာရှိ Robert Floyd က ကြေညာချက် ထုတ်ပြန်ပါတယ်။
ရုရှားဟာ ယူကရိန်းကို စစ်ရေးအရ ကူညီထောက်ပံ့မှုတွေ ဆက်ပေးနေတဲ့ အနောက်နိုင်ငံတွေကို ဟန့်တားတဲ့အနေနဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ပြန်လည် စတင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါ။ ဒီလိုအချိန်မှာပဲ သဘောတူစာချုပ်ကနေ ပြန်ရုပ်သိမ်းဖို့ စဥ်းစားနေတဲ့အကြောင်း ရုရှားက ပြောဆိုလာနေတာ ဖြစ်ပါတယ်။