လောက်ကိုင်မှာသောင်တင်နေတဲ့ မလေးရှား ၁၂၇ ယောက်ဟာ လုံခြုံစိတ်ချရာနေရာကို ရောက်နေပြီး မကြာခင် လေယာဥ်နဲ့ပြန်လာကြမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတုခ် ဆီရီ ဇမ်ဘရီ အက်ဘ်ကာဒါ (Datuk Seri Zambry Abd Kadir) က ပြောကြောင်း မလေးမေးလ်သတင်းက ရေးပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လာကြဖို့ စီစဥ်ထားတယ်လို့ ကွာလာလာမ်ပူ နိုင်ငံတကာလေဆိပ်မှာ သတင်းထောက်တွေကို တနင်္လာနေ့က ခုလို ပြောခဲ့တာပါ။ ပဋိပက္ခ ဖြစ်နေတဲ့နေရာကနေ မလေးရှားနိုင်ငံသားတွေကို ပြန်လည်နေရာချထားပေးဖို့ တရုတ်အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ခဲ့ပါတယ်လို့ သူက ဆိုပါတယ်။ မြန်မာနဲ့ တရုတ်အာဏာပိုင်တွေကို သူက ကျေးဇူးတင်ကြောင်းလည်း ပြောသွားပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန က သူတို့ကို အိမ်ပြန်နိုင်အောင် ပေါင်းစပ်ညှိနှိုင်းပေးနေပြီး မြန်မာအာဏာပိုင်တွေဆီက ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံသားတယောက်နဲ့ ဟောင်ကောင်မြို့သားတယောက်ကိုလည်း ပဋိပက္ခနယ်မြေကနေ လုံခြုံရာ ကို ပြန်လည်နေရာချထားပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ကူညီခဲ့တယ်လို့ မလေးမေးလ်သတင်းက ဆိုပါတယ်။