ဒီမိုကရက်ပါတီ သမ္မတလောင်း ဒုသမ္မတ ကမ်မလာဟဲရစ် (Kamala Harris) ဟာ သူ့ရဲ့ ဒုသမ္မတလောင်း ဘယ်သူဆိုတာ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ကြေညာဖို့ ရှိနေပါတယ်။ နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump နဲ့ ယှဉ်ပြိုင်မယ့် ဒုသမ္မတ Harris ဟာ သူနဲ့အတူ ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့်သူကို ဒီကနေ့ Philadelphia မြို့မှာ ကျင်းပမယ့် မဲဆွယ်စည်းရုံးပွဲ မတိုင်ခငိ ကြေညာလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။ အဲဒီနောက်မှာတော့ နိုဝင်ဘာရွေးကောက်ပွဲမှာ အရေးပါပြီး အဆုံးအဖြတ်ပေးမယ်လို့ ယူဆထားကြတဲ့ Wisconsin ၊ Michigan ၊ Arizona နဲ့ Nevada ပြည်နယ်တွေကို သမ္မတလောင်းနဲ့ ဒုသမ္မတလောင်းတို့ အတူတွဲ မဲဆွယ်စည်းရုံးကြမှာပါ။
သမ္မတဟောင်း Trump ကတော့ သူ့ကို ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင် ရွေးချယ်တဲ့ ပါတီညီလာခံအတွင်း သူနဲ့အတူ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် အထက်လွှတ်တော်အမတ် J.D.Vance ကို ရွေးချယ်ခဲ့ပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့ ဒုသမ္မတလောင်း Vance ဟာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ရကိန်းရှိတယ်လို့ သတ်မှတ်ထားကြတဲ့ Pennsylvania, Wisconsin, Michigan နဲ့ မြောက် Carolina ပြည်နယ်တွေမှာ မဲဆွယ်စည်းရုံးဖို့ စီစဉ်ထားပါတယ်။
ဒုသမ္မတဟဲရစ်က သူနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် ရွေးချယ်လိမ့်မယ်လို့ တစ်ပေးခံနေသူတွေထဲ Pennsylvania ပြည်နယ် အုပ်ချုပ်ရေးမှူး Josh Shapiro နဲ့ Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz တို့ ၂ ဦးလည်း ပါဝင်ပါတယ်။ တခြား ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရနိုင်ခြေရှိတဲ့သူတွေထဲ Kentucky ပြည်နယ် အုပ်ချုပ်ရေးမှူး Andy Beshear, Illinois ပြည်နယ် အုပ်ချုပ်ရေးမှူး J.B. Pritzker, အထက်လွှတ်တော်အမတ် Mark Kelly နဲ့ ပို့ဆောင်ရေးဝန်ကြီး Pete Buttigieg တို့ ဖြစ်ကြပါတယ်။
Forum