စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ စစ်ကောင်စီတ်စခန်း အများအပြားကို သိမ်းပိုက် ထိန်းချုပ်နိုင်ကြောင်း AAရက္ခိုင့်တပ်တော်က ကြေညာလိုက်ပါတယ်။ ချင်းပြည်နယ် ပလက်ဝဒေသကိုလည်း ထိန်းချုပ်ထားကြောင်း ပြောဆိုထားတာပါ။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပေးမှာ ဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AAရက္ခိုင့်တပ်တော်ကြား ဒီရက်ပိုင်းတို်က်ပွဲတွေ ပိုမိုပြင်းထန်နေသလို စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူးဟာကုန်းတွေကို ရက်ပိုင်းအတွင်း ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ထားနိုင်သလို ပလက်ဝမြို့နယ်တခုလုံးကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ရက္ခိုင့်တပ်က ထုတ်ပြန်ထားပါတယ်။
ကျောက်တော်မြို့နယ်မှာ ဆိုရင်လည်း စစ်ကောင်စီရဲ့ အကြီးဆုံးဗျူဟာကုန်းတွေကို မီးဝဗျူး ဟာကုန်းအပါအဝင် တခြားသော တောင်ရှည်တောင်ဗျူဟာကုန်း၊ နှမဒါဗျူးဟာကုန်းနဲ့ တပ်စခန်းတော်တော်များများကို လက်ရှိသိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ကျောက်တော်မြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတာတွေကြောင့် ဒေသခံတွေ အခက်ကြုံနေရတယ်လို့ ကျောက်တော်မြို့နယ် ဘုပေါင်းကျေးရွာသားတဦးကပြောပါတယ်။
“ ကျနော်တို့ ရွာက ကြားထဲမှာ ရှိနေတယ်ဆိုတော့ လက်နက်ကြီးတွေ တလုံး တလုံး စစ်ကောင်စီက ပစ်လိုက်ပြီဆိုရင် အိမ်တွေ ခါသွားသလို ခံစားရတော့ အိပ်လို့လည်း မပျော်တော့ဘူးလေ၊ ဘယ်လိုမှ လုံခြုံတယ်လို့ ကျနော်တို့ မခံစားရပါဘူး၊ ကျနော်တို့ ကြားတောင် မကြားဖူးပါဘူး ဒီလိုလက်နက်ကြီးပစ်တာတွေ၊ တဆင့်နှစ်ဆင့်တွေ ပေါက်တာတွေလည်း ကျနော်တို့ မြင်တွေ့ရပါတယ်၊ ကျနော်တို့ တအားကြောက်နေကြတယ်၊ ကျနော်တို့က ယောကျာ်းသားတွေမို့ တော်သေးတယ်။ သက်ကြီးရွယ်အိုပိုင်းတွေ၊ ကလေး
တွေ ဆိုရင် တအားကြောက်ပြီးတော့ အိမ်မပျော်လို့ လန့်ပြီးငိုတာတွေ ရှိပါတယ် အဲလိုမျိုးတွေ။”
အခုလို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေနဲ့ နေအိမ်တွေ မီးလောင်ပျက်စီးတာတွေကြောင့် ကျောက်တော်မြို့နယ်အတွင်းက ဒေသခံတော်တော်များများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်းနေကြရတယ်လို့ ကျောက်တော်ဒေသခံတဦးကပြောပါတယ်။
“ အခုဆိုရင်ကျနော်တို့ ကျောက်တော်ကြားနဲ့ အပေါက်ဝကြားမှာရှိတဲ့ ပြည်သူတွေ တော်တော်များများ တိမ်းရှောင်ပြီးနေရတယ်၊ လက်နက်ကြီးက ဘယ်နေရာကို ကျမလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့လေ၊ ကျနော်တို့ ရွာသားတွေဆိုရင် မြစ်တဖက်ကမ်းမှာရှိတဲ့ သရီချောင်းလို့ခေါ်တဲ့ စဖိုသားတို့ ယွန်းချောင်းတို့ ပြီးတော့ လမုသားတို့ လက်ခုပ်ပင်ရင်းတို့အဲဒီကျေးရွာတွေမှာ တိမ်းရှောင်နေရတာရှိပါတယ်။ အပေါက်ဝဆိုရင်တော့ တရွာလုံး ဘယ်သူမှမရှိဘူး။”
ဒါ့အပြင် ပေါက်တော်မြို့နယ်မှာလည်း တိုက်ပွဲတွေ အခုအချိန်ထိ ဆက်လက်ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာတွေရှိနေသေးတယ်လို့ ပေါက်တော်ဒေသခံတဦးကပြောပါတယ်။
“ ညီမတို့နေတဲ့ဘက်မှာကတော့ တိုက်ပွဲကြားထဲမှာ နေတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့၊ နေရာတိုင်းက လက်လှမ်းမှီတဲ့အနေအထားဖြစ်နေတာဆိုတော့ ပုဏ္ဏားကျွန်းဖက်က ပစ်ရင်လည်း ကြားတယ်၊ မင်းပြား စစ်တွေ အဲတာတွေက ပစ်ရင်လည်း ကြားတယ်၊ ဆိုတော့ နေ့တိုင်း တရက်လုံး နေ့ရော ညရော ပစ်နေတဲ့ အခါကျတော့ လူတွေက ဗုံးတွင်းထဲမှာ အိပ်ရတယ်၊ ပစ်တဲ့အခါ မြေကြီးတွေပါ လှုပ်တော့ ခေါင်းမူးတာတွေဘာတွေတောင်ဖြစ်တယ်။”
ဒါ့အပြင် ရသေ့တောင်မြို့နဲ့ မင်းပြားမြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ AA တပ်ကြား နှစ်ဖက်တို်က်ပွဲတွေပြင်းထန်နေသလို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတာတွေလည်းရှိနေတာပါ။ ရသေ့တောင်မြို့နယ်က စစ်ကောင်စီ အထိုင်ချဗျူ ဟာကုန်းဖြစ်တဲ့ ရီစိုးချောင်းဗျူဟာကုန်းကိုလည်း မနေ့က သိမ်းပိုက်ရရှိခဲ့သလို မြောက်ဦးမြို့နယ် လင်းမွေတောင်စခန်းကိုလည်း မနေ့က သိမ်းပိုက်လိုက်တယ်လို့ AAထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA ရက္ခိုင့်တပ်တော်အနေနဲ့ စစ်ကောင်စီတပ်စခန်းတခုချင်းစီကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ အခုဆိုရင် စစ်ကောင်စီတပ်စခန်း ရာနဲ့ချီပြီး သိမ်းပိုက်ထားနိုင်သလို ပလက်ဝမြို့နယ်တခုလုံးကိုလည်း AA ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်တာပါ။ ဒါ့အပြင် စခန်းသိမ်းတို်က်ပွဲတွေမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။