LGBTQ+ လိင်တမူကွဲ၊ လိင်တူ စုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့် ဥပဒေကြမ်းကို ထိုင်းအောက်လွှတ်တော်မှာ အတည်ပြုလိုက်တာမို့ အရှေ့တောင်အာရှမှာ LGBTQ+ တွေ အိမ်ထောင်ပြုမှုဆိုင်ရာ အခွင့်အရေး တန်းတူရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာဖို့ လမ်းပွင့်သွားပါတယ်။ အောက်လွှတ်တော် လွှတ်တော်အမတ် ၄၁၅ ယောက်မှာ ၄၀၀ က အတည်ပြုမဲပေးခဲ့ကြတာပါ။ ဒီဥပဒေကြမ်းထဲမှာ အမျိုးသမီး၊ အမျိုးသား၊ ဇနီး၊ ယောင်္ကျား စသဖြင့် တသတ်မှတ်တည်း ခေါ်ဆိုတဲ့ အသုံးအနှုန်းမျိုး မဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒါကြောင့် လိင်တမူကွဲပြားသူတွေအနေနဲ့ တရားဝင် အိမ်ထောင်ပြုနိုင်မှာဖြစ်သလို နောက်ဆက်တွဲအခွင့်အရေးတွေကိုလည်း တခြား ကျား၊ မ အိမ်ထောင်သည်တွေလိုပဲ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
အောက်လွှတ်တော်မှာ ခုလို အတည်ပြုနိုင်ခဲ့ပြီးနောက် Move Forward ပါတီက လိင်တမူကွဲသူ လွှတ်တော်အမတ်က လွှတ်တော်ခန်းမထဲမှာ သက်တံရောင်အလံကို ဖြန့်ပြီး LGBTQ+ တွေရဲ့ အခွင့်အရေးကို တရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုဖို့ လိုသေးသလို ဘုရင်က ဥပဒေအဖြစ်တရားဝင် ထောက်ခံပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။ ထိုင်းလူမှုအသိုင်းအဝိုင်းတွေထဲမှာ လိင်တမူကွဲပြားသူ LGBTQ+ တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပေမဲ့ သူတို့ရဲ့ အိမ်ထောင်ပြုမှုဆိုင်ရာ အခွင့်အရေးတွေ တရားဝင်တန်းတူရဖို့ လှုပ်ရှားသူတွေက ကြိုးစားနေကြတာဖြစ်ပါတယ်။ တကယ်လို့ ထိုင်းနိုင်ငံမှာ ဒီဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ပြီဆိုရင် အရှေ့တောင်အာရှမှာ လိင်တူ စုံမက်သူတွေ လိင်တမူကွဲတွေအနေနဲ့ တရားဝင်လက်ထပ်ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြတ်လာတော့မှာဖြစ်ပါတယ်။ အာရှအနေနဲ့တော့ လက်ရှိ ထိုင်ဝမ်နဲ့ နီပေါလ်နိုင်ငံတို့မှာပဲ လိင်တူစုံမက်သူတွေ တရားဝင်လက်ထပ်တာကို ခွင့်ပြုထားပါတယ်။
Forum