သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဇွန် ခဲထိုးရောင်းချမှု ထိုင်းရဲ အရေးယူ


ထိုင်းနိုင်ငံက ငါးပုဇွန်ဈေးတခု
ထိုင်းနိုင်ငံက ငါးပုဇွန်ဈေးတခု

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြဝတီ ကြားမှာရှိတဲ့ နယ်စပ်ဈေးထဲမှာ မြန်မာပြည်ကလာတဲ့ ပုဇွန်တွေထဲ ခဲတွေ သံချောင်းတွေ ထည့်ထားတာကြောင့် မြန်မာပြည်သား ဈေးသည်တွေ ရောင်းနေတဲ့ ပုဇွန်ထုတ်တွေကို ထိုင်းစစ်တပ်က သံထည်ပစ္စည်းတွေ ပါရင်ရှာတဲ့ မိုင်းရှာ ကိရိယာတွေနဲ့ စစ်ဆေးခဲ့ပြီး ပုဇွန်သည်တွေလည်း နောက်ဆိုရင် ဈေး-ဝယ်သူတွေ ယုံကြည်မှုရှိအောင် သံထည်ပစ္စည်းရှာဖွေတဲ့ မိုင်းရှာတဲ့ ကရိယာတွေ ဝယ်ဆောင်ထား ရမယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မြိုဖြစ်တဲ့ မဲဆောက်မြိုနဲ့ မြဝတီကြားမှာရေလယ်ကျွန်း တခုရှိတာပါ ။ အဲဒီ ရေလယ်ကျွန်းကို အမှီပြုပြီး နယ်စပ်ဈေးမှာ မြန်မာပြည်ဘက်ကနေ ဈေးလာရောင်း နေကြသူတွေလည်း ရှိပါတယ်။ ဒီထဲက ဈေးလာရောင်းတဲ့ဈေးသည်တွေရဲ့ပုဇွန်တွေထဲမှာ ခဲနဲ့သံထည်ပစ္စည်းတွေ ရှာဖွေတွေရှိတယ်ဆိုပြီး ထိုင်းစစ်တပ်ဘက်က ဈေးသည်တွေကို စစ်ဆေးမှု လုပ်ခဲ့တာဖြစ်ကြောင်း ရေလယ်ကျွန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

" ထိုင်းသတင်းမှာထွက်သွားတယ် ဘာဖြစ်လို့လဲဆိုတော့ ပုဇွန်ဝယ်သွားတာ ပုလိပ်(ရဲက) ဝယ်သွားတာလေ ပုလိပ်က သွားတိုင်တယ်။ ပုဇွန်အကောင် ၂၀ကျော်လောက်မှာ ခဲတွေ ပါတယ်ပြောတယ်။ အဲဒီတိုင်တဲ့ ကိစ္စနဲ့ပတ်သက်လို့သူတို့က ဟိုတနေ့က ပုဇွန်သည်တွေကို ဓါတ်ပုံရိုက်တယ် လာပြီးစစ်ဆေးတယ်ပေါ့ "

အခုလိုမျိုး ထိုင်းနိုင်ငံသားတွေဘက်က တိုင်ကြားမူတွေရှိသလို ထိုင်းနယ်စပ်ကို လာပြီး ဈေးဝယ် သူတွေထဲမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတဦး ပုဇွန် ၁၀ ကီလိုလောက် ဝယ်သွားတဲ့အထဲမှာ ခဲနဲ့သံပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့တာပါ။ ဒီအတွက် ပုဇွန်တွေထဲမှာ ခဲနဲ့သံပစ္စည်းတွေ တွေ့ခဲ့တယ်ဆိုပြီး နိုင်ငံခြားသားတဦးက သူ့ရဲ့ လူမူကွန်ယက် စာမျက်နှာမှာ တင်ခဲ့ပြိးတဲ့နောက်မှာတော့ ထိုင်းစစ်တပ်ဘက်ကလည်း နယ်စပ်ဈေးက ပုဇွန်သည်တွေကို စစ်ဆေးမူတွေ လုပ်ခဲ့တာပါ။ မဲဆောက်မြိုက ဈေးဝယ်သူ တဦးကလည်း နယ်စပ်ဈေးမှာ မြန်မာပြည်က လာတဲ့ပုဇွန်တွေက အလေးချိန်စီးအောင် သံတွေခဲတွေ ထည့်ထားတဲ့အတွက် စားသုံးသူတွေအတွက် ကျန်းမာရေးအရပါ အန္တရယ်ရှိတဲ့ အကြောင်းပြောပြပါတယ်။

" ပုဇွန်ခေါင်းတွေထဲမှာခဲတွေ သံတွေထည့်ထားတော့ ကျန်းမာရေးအရ ထိခိုက်နိုင် တာပေါ့"

တကယ်တော့ ပုဇွန်တွေထဲမှာခဲတွေ ပါဝင်နေတာဟာ နယ်စပ်မှာလုပ်တာ မဟုတ်ပဲ မြန်မာပြည် အတွင်းပိုင်းကနေ လာတာဖြစ်တယ်လို့လည်း ရေလယ်ကျွန်းမှာ နေထိုင်နေသူက ဆက်ပြောပြပါတယ်။

" ခဲတွေပါတဲ့ အဲဒီကိစ္စကလည်း ဒီကပုဇွန်သည်တွေက သူတို့က မသိရှာဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုးအောက်က (မြန်မာပြည်ထဲ)ကနေ ရေခဲရိုက်ပြီး ပို့ပေးလိုက်တာ ဒီမှာရောင်းတာပဲ ဟိုဘက်က ကီလိုနဲ့ တခါတည်း တင်ပေးလိုက်တာပဲ"

ထိုင်းမြန်မာနယ်စပ်က မိုးရေမြစ်ကိုဖြတ်ပြီး အရောင်းအဝယ်လုပ်ကြတဲ့ မြန်မာနိုင်ငံ သားတွေဟာ မြန်မာနိုင်ငံကနေ ဆေးလိပ်တွေ အရက်တွေ အပြင် ပုဇွန်နဲ့ ဂဏန်းတွေကို အဓိကရောင်းကြတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG