ဗြိတိသျှလူငယ်၂ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller သတ်ဖြတ်ခံရပြီးနောက် သေဒဏ်အပြစ်ပေး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့နောက်ဆုံး အယူခံနဲ့ပတ်သက်လို့ အစိုးရရှေနေ့ဘက်က လျှောက်လဲချက် ပြန်တင်ဖို့ကို ဒီရက်ပိုင်းမှာပဲ တလထပ်တိုးပြီး တောင်းဆိုလိုက်ပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ဗြိတိသျှလူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ် ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ်၂ဦးရဲ့ အယူခံကို သြဂုတ်လ ၂၁ ရက်နေ့မှာ ကော့စမွေ တရားရုံးကတဆင့် ထိုင်း ဗဟိုတရားရုံးချုပ်ကို တင်းထားခဲ့ပြီး စက်တင်ဘာလ ၁၈ ရက် နေ့မှာတော့ တရားရုံးကနေ အယူခံကို လက်ခံခဲ့ပါတယ်။ ဒီအယူခံနဲ့ ပတ်သက်လို့အစိုးရှေ့နေတွေဘက်က လျှောက်လဲချက်ပေးရမယ့် အောက်တိုဘာ ၂၂ ရက်ကို ကျော်လွန်ခဲ့ပြီးနောက် တလတိုးပြီး ခွင့်ပြုဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ကြောင်း တရားခံတွေရဲ့ အကျိုးကို မြန်မာသံရုံးနဲ့အတူ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“ကော့တောင်ကျွန်းအမှုက အစိုးရရှေ့နေတွေဘက်ကနေ တရားရုံးကို လျှောက်လဲချက် တင်ရမယ့်အဆင့်ပါ။ လျှောက်လဲချက် ဆိုတာက အန်ကယ်တု့ိ ဒီဘက်က တင်ထားတဲ့ အယူခံ အကြောင်းပြချက်တွေပေါ် မူတည်ပြီး ဒီအယူခံချက် တွေကတော့ အယူခံအကြောင်း အချက်တွေက အန်ကယ်တို့ဘက်က မှန်ကန်တယ်။ ဒါကြောင့်မို့ ကလေးတွေဘက်က အပြစ်မရှိဘူးလို့ ပြောထားတဲ့ အချက်တွေပါ။ဒီအချက်တွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဥပဒေအရ တင်ပြပြိးတော့ တရားရုံးမှာ လျှောက်လဲချက် တင်ရမှာတွေက အစိုးရရှေ့နေရဲ့ တာဝန်ပိုင်းမှာ အဲဒီ တာဝန်က ၂၂-၁၀-၂၀၁၇ ရက်နေ့က ပြည့်သွားပါတယ်။ ဒါပေမဲ့ အစိုးရရှေ့နေဘက်က လျှောက်လဲချက် ပေးဖို့အတွက် နောက်တလ ထပ်တောင်းတဲ့အတွက် ၂၂-၁၁-၂၀၁၇ ထိ တိုးပေးလိုက်ပါတယ်”
ဒီလို နောက်တလ ထပ်တိုးတောင်းဆိုတာဟာ အခြေအနေကောင်းတခု ဖြစ်နိုင်တယ်လို့ တရားခံအကျိုးဆောင် ရှေ့နေတွေဘက်က ယူဆနေပါတယ်။
“အန်ကယ်တို့ဘက်က အကြောင်းပြချက် ခိုင်လုံစွာနဲ့ တင်ပြထားတဲ့ စာမျက်နှာ ၃၁၉ မျက်နှာအပေါ်မှာ သူတို့ဖြေရှင်းချက်တွေ ပြည်စုံအောင် မပေးနိုင်သေးတဲ့သဘော အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်”
မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ Koh Tao ကော့တောင် အပမ်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ လူသတ်မှုဖြစ်ပွားခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာတော့ လူသတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံ ကော့စမွေ တရားရုံး ကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ် အကျဉ်းထောင်မှာ ဆက်လက် ထိမ်းသိမ်း ထားပါတယ်ရှင်။