ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်မြို့က သဘာဝကျောက်လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့တဲ့ လူငယ် ဘောလုံး သမား လေးတွေဟာ သူတို့ကို ကယ်တင်ခဲ့ကြသူတွေနဲ့ တွေ့ဆုံပြီး ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ အသက်ရှင်အောင် သူတို့ ဘယ်လို နေခဲ့ကြတယ် ဆိုတဲ့ အတွေ့အကြုံတွေကို ဖလှယ်ကြပါတယ်။
Wild Boars - တောဝက်လို့ အမည်ပေးထားတဲ့ ဘောလုံးအသင်းက အဲဒီ လူငယ် ၁၂ ဦးကို ရောဂါကူးစက် ပြန့်ပွားခြင်းမရှိအောင် သီးသန့်ဆောင်မှာ ခွဲထားပြီး သူတို့တွေဟာ အနည်းကယ် မနာမကျန်းဖြစ်တာကလွဲလို့ ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း ဆေးရုံ တာဝန်ရှိသူတွေက ဒီကနေ့ ပြောပတါယ်။
ဇွန်လ ၂၃ ရက်နေ့က သူတို့တွေ လိုဏ်ဂူထဲကို စဝင်သွားစဉ်က တနာရီလောက်သာ ကြာဖို့ မျှော်လင့်ထား ခဲ့ကြပေမယ့် နောက်ပိုင်းမှာ မိုးသည်းပြီး ဂူထဲကို ရေတွေဝင်လာတာကြောင့် အထဲမှာ ပိတ်မိသွားခဲ့ကြတာလို့ ကလေးတွေနဲ့ တွေ့ခွင့်ရတဲ့ မိဘတချို့က ထိုင်း မီဒီယာတွေကို ပြောပါတယ်။ သူတို့တွေက ကျောက်ကြောတွေ ကြားက ကျလာတဲ့ရေတွေကို သောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ရေငုပ်သမား အတော်များများကို ဆေးကုသမှု ပေးခဲ့ရတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းဟာ ထင်ထားတာထက် ပိုပြီး ခက်ခဲကြောင်း ထိုင်းရေတပ် အထူးတပ်ဖွဲ့အကြီးကလည်း ပြောပါတယ်။