ထိုင်း-မြန်မာနယ်စပ်အခြေစိုက် SAW မိဘမဲ့ဂေဟာက မိဘမဲ့ကလေးတွေကို ထိုင်းအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ် ပြုလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား မိဘတွေကနေ မွေးဖွားပြီးနောက်ပိုင်း မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေကို အခုလို နိုင်ငံသားအဖြစ် ထိုင်းအစိုးရက အသိအမှတ်ပြုပေးလိုက်တာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
SAW အဖွဲ့က ပြုစုစောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးတွေထဲက သတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီး အထောက်အထားပြည့်စုံတဲ့ ကလေးငယ် ၄၆ ဦးကို ဖေဖော်ဝါရီ လ ၄ ရက်၊ တနင်္လာနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ပိုင်ရုံးမှာ ထိုင်းနိုင်ငံသား မှတ်ပုံ တင်ကဒ်ကို မဲဆောက်မြို့၊ ဒုတိယ အဆင့်မြင့် အုပ်ချုပ်ရေးအရာရှိက ပေးအပ်ခဲ့တာပါ။
အခုလို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရဖို့အတွက် သတ်မှတ်ချက် အတော်များများရှိပြီး အရေးအကြီးဆုံးအချက်တွေက တော့ ထိုင်းနိုင်ငံမှာ မွေးဖွားသူဖြစ်ရမယ်ဆိုတာနဲ့ လက်ရှိမှာ ထိုင်းနိုင်ငံက အစိုးရကျောင်း တကျောင်းကျောင်းမှာ တက်ရောက် ပညာသင်ယူနေသူ ဖြစ်ရမယ်ဆိုတာတွေပါပဲ။ အဲဒီသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုတာ အထောက်အထားတွေ အခိုင်အမာ တင်ပြရပါတယ်။
နိုင်ငံသားမှတ်ပုံတင် ပေးအပ်ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ SAW အဖွဲရဲ့ဥက္ကဌ Mr surapong kongchantuk က တော့အခုလိုပြောသွားပါတယ်။
သူပြောသွားတဲ့အထဲမှာတော့ ထိုင်းတနိင်ငံလုံးမှာ မိဘမဲ့ဂေဟာက ကလေးတွေကိုအစုအဝေးနဲ အခုလို နိုင်ငံသားပေးတာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့
SAW ဂေဟာရဲ့ မိဘမဲ့ကလေးတွေထဲက ထိုင်းဆေးရုံဆေးခန်းမှာ မွေးဖွားခဲ့တဲ့ အထောက်အထားလက်မှတ်ရှိသူတွေကို ရွေးချယ် ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲတွေ၊ လူမူဝန်ထမ်းအဖွဲတွေ၊ ဆေးရုံးဆေးခန်းတွေက အထောက်အထားတွေနဲ့ ထောက်ခံတဲ့စာရွက်စာတမ်းတွေကိုတင်ပြပြီးတော့ ထိုင်းနိုင်ငံသားရရှိဖို့ထိုင်းအစိုးရကို လျှောက်ထားရတာတွေကိုပြောပြသွားပါတယ်
SAW အဖွဲ့အစည်းရဲ့လက်ရှိဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့မရီရီဝင်းက အခုလိုပြောသွာပါတယ်။
"အခုကျမတို့ SAWမှာရှိတဲ့ကလေးတွေ ထိုင်းနို်င်ငံသားရသွာတဲ့အခွင့်အလန်းတွေ အများကြီးရှိလာတယ်။ အခွင့်ရေးတွေ အများကြီးရှိလာနိုင်တယ်။ ဘယ်လိုအခွင့်ရေးတွေလဲဆိုတော့ သူတို့မှာ ဒီလို လက်မှတ်မရှိဘူးဆိုရင် ကျန်းမာရေးတွေ ပညာရေးတွေအခက်အခဲတွေရှိုနိုင်တယ်။ ဒီနိုင်ငံသားလက်မှတ်ရှိသွားတဲ့အတွက် ကျန်းမာရေးတွေ၊ ပညာရေးတွေဆက်သင်ဖို့ အများကြီး အဆင်ပြေသွားမယ်။ ပညာရေးနဲ့ ပတ်သက်လို့ ငွေကြေးအခက်အခဲရှိမယ်ဆိုရင်ထိုင်းနိုင်ငံသား လက်မှတ်ရှိတဲ့ အတွက် ထိုင်းအစိုးဆီမှာ ငွေချေးပြီးကျောင်းတက်လို့ရမယ်။ အဓိကကတော့ ပညာရေးနဲ့ ကျန်းမာရေးအတွက်အတော်ပြေသွားမယ်။"
SAW အဖွဲ့ကို ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့က လူထုအခြေပြုအဖွဲ့အစည်းအဖြစ် မြန်မာအမျိုးသမီးတွေ ဦးဆောင်ပြီး စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ထိုင်းလူအခွင့်ရေးရှေ့နေက ဥက္ကဌ အဖြစ်တာဝန်ယူ လုပ်ဆောင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံသား လူ့အခွင့်အရေးရှေ့နေ နှစ်ဦးနဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မြူနီစပယ်ရုံးက ဒုတိယဥက္ကဌတို့အပါအဝင် ထိုင်းနိုင်ငံ သား ၄ ဦးက ဘုတ်အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်ပြီး တရားဝင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်း ရပ်တည်နိုင်ဖို့ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်ထဲမှာ ထိုင်းအစိုးရအသိမှတ်ပြုတဲ့ တရားဝင်ဖောင်ဒေးရှင်း ဖြစ်လာတာပါ။
ကလေးနဲ့အမျိုးသမီးတွေအတွက် လူမူစောင့်ရှောက်ရေးအဖွဲဖြစ်တဲ့ SAW ဟာ မိဘမဲ့ကလေးတွေအပြင် အကြောင်းအမျိုးမျိုး ကြောင့်ဒုက္ခရောက်နေတဲ့ ကလေးတွေနဲ့အမျိုးသမီးတွေကို ကူညီစောင့်ရှောက်မူပေးနေတဲ့ အဖွဲ့အစည်းအဖြစ် ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်လှုပ်ရှားလာတာ ၁၉ နှစ်နီးပါးရှိပါပြီ။ SAW မှာ ပြုစုစောင့်ရှောက်ရေးဂေဟာအပြင် ရွှေ့ပြောင်းအထက်တန်း စာသင်ကျောင်းတခုလည်း ဖွင့်ထားပါတယ်။ လက်ရှိမှာတော့ SAW အဖွဲ့အစည်းက အမျိုးသမီးနဲ့ ကလေး ၂၅၀ ကျော်ကို ပညာ ရေး၊ ကျန်းမာရေးနဲ့ နေထိုင်စားသောက်ရေးတို့အတွက် ကူူညီစောင့်ရှောက်ပေးထားပါတယ်။
တည်ထောင်ထားတဲ့ ၁၉ နှစ်နီးပါးကာလအတွင်း အမျိုးသမီးနဲ့ကလေး ၁၄၀၀၀ ကျော်လောက်ကို အကူအညီပေးခဲ့ပြီးဖြစ်တဲ့ SAW အဖွဲ့ဟာ ဆုနှစ်ဆု ချီးမြှင့်ခံထားရပြီးပါပြီ။ HIV ရောဂါပိုး ကူးစက်ခံထားရတဲ့ အမျိုးသမီးနဲ့ကလေးတွေကို ကူညီစောင့်ရှောက်မှုပေးတာကြောင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် UNDP ကပေးတဲ့ Red Ribbon Award ဖဲကြိုးနီဆုကို ၂၀၀၈ ခုနှစ်ကရရှိခဲ့ပြီး ထိုင်းနိုင်ငံတွင်းမှာ ဒုက္ခရောက်နေတဲ့ အမျိုးသမီးနဲ့ကလေးတွေကို အကူအညီပေးတာကြောင့် ထိုင်းနိုင်ငံအစိုးရကချီးမြှင့်တဲ့ Prachabdi Award ကို ၂၀၁၆ ခုနှစ်က ရရှိခဲ့ပါတယ် ။