သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံထောင်သောင်းချီ တိမ်းရှောင်


စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ကြားတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးကြသူများ
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ကြားတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးကြသူများ

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၁၅၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေက ပြောပါတယ်။ စက်သုံးဆီ ဆေးဝါးဝယ်ယူမရတော့ဘဲ စားနပ်ရိက္ခာ အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတာပါ။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည် မြောက်ပိုင်းဒေသက စစ်ဘေးရှောင် အခြေအနေတွေနဲ့ ပတ်သက်လို့ မမြသဇင်အောင်က ပြောပြပါမယ်။

အောက်တိုဘာ ၂၇ ရက်ကစတင်လို့ ဒီကနေ့အထိ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လာရှိုး၊ ကျောက်မဲ၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်စတဲ့ နေရာတွေက ဘေးလွတ်ရာ နေရာတွေမှာ လာရောက်ရှောင်ပုန်းနေတဲ့ စစ်ဘေးရှောင် က ၁၅၀၀၀ နီးပါး ရှိနေပြီလို့ အကူညီပေးနေသူတွေက ပြောပါတယ်။

မြို့တွေနဲ့ နီးတဲ့ နေရာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ အကူအညီ အနည်းငယ် ရပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အဆက်အသွယ် ပြတ်တောက်နေတဲ့ နေရာတွေမှာ သွားရောက်ခိုလှုံနေသူတွေကတော့ အကူအညီလုံး၀ မရကြ သေးဘူးလို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေတဲ့ တအောင်းအမျိုးသမီး အဖွဲ့အစည်း တာဝန်ရှိသူ တဦးကပြောပါတယ်။

“IDP အခြေအနေက ၈၀၀၀ ကျော် လောက်မှာ ရှိနေပြီ မြို့အနီးနားမှာရှိနေတဲ့ စခန်း တော်တော်များများ ကတော့ ရပေမယ့်လည်း၊ အခြား လမ်းတွေပိတ်ပြီးတော့၊ အလှမ်းဝေးပြီး မသွားရဲတဲ့ နေရာမျိုးမှာဆိုရင်တော့ နည်းနည်း အခက်အခဲရှိတယ်ပေါ့နော်။ ဥပမာ သိန္နီတို့လိုမျိုး ဆိုရင် အဖွဲ့အစည်းတွေက သွားလာဖို့ အရမ်းခက်ခဲတဲ့ နေရာမျိုးတွေဖြစ်တယ်။ တချို့သော ဒေသမှာ ဆိုရင်တော့ လုံး၀ အကူအညီမရသေးတဲ့ နေရာမျိုးတွေလည်း ထပ်ရှိနေသေးတာ တွေရှိနေတာပေါ့။ ထူတဲ့အဝတ်အစားတွေ ၊ စောင်တွေလိုအပ်တယ်။ ခြင်ထောင်တွေ၊ ဆေးဝါးတွေလည်း အဓိက လိုအပ်တယ်။ ကလေးနဲ့ အမျိုးသမီးတွေ တော်တော်များများ ဖြစ်တဲ့အတွက်ကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အတွက် အသုံးအဆောင်တွေ လိုအပ်နေတာ ရှိတယ်။ အစားအသောက် ထောက်ပံ့ဖို့၊ နေရာထိုင်ခင်း ထောက်ပံ့ဖို့၊ တော်တော်ရုန်းကန်နေရတဲ့ အနေအထားမျိုးမှာရှိနေပါတယ်။”

လားရှိုးမြို့မှာတော့ စစ်ဘေးရှောင်စခန်း ၉ ခု ဖွင့်လှစ်ထားပြီး အဲဒီမှာ လူဦးရေ ၆၀၀၀ နီးပါး လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။ အဆက်အသွယ် လုပ်လို့ မရသေးတဲ့ အခြားမြို့နယ်ကတွေ မှာလည်း စစ်ဘေးရှောင်တွေ အများအပြား ရှိနေတာကြောင့် လက်ရှိမှာ စစ်ရှောင်ဦးရေ ၁၅၀၀၀ ခန့်မှန်းထားပေမယ့် အခုထက် ပိုများနိုင်တယ်လို့လည်း အကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ကြားတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးကြသူများ
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ကြားတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးကြသူများ

တိုက်ပွဲကြောင့် ထွက်ပြေးလာပြီး စစ်ဘေးရှောင်နေတဲ့ နေရာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာ ကြောင့် အောက်တိုဘာ ၃၀ ရက်က နမ့်ဖတ်ကာမြို့နယ်ထဲမှာ ကလေးငယ် အပါအဝင် သေဆုံးသူ ၅ ဦး နဲ့ ဒဏ်ရာ့ရသူက ၅ ဦးထက် မနည်းရှိခဲ့သလို တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာလည်း လက်နက်ကြီး ထိမှန်ပြီး သေဆုံးရသူ အနည်းဆုံး ၅ ဦးနဲ့ ၁၅ ဦးလောက် ဒဏ်ရာရရှိထားတယ်လို့ တအောင်း အမျိုးသမီးအဖွဲ့က ပြောပါတယ်။

တချို့ စစ်ဘေးရှောင်တွေဟာ မြို့ပေါ်က စစ်ဘေးရှောင် စခန်းတွေဆီကို သွားရောက်လို့ မရတော့ဘဲ ဘေးလွတ်မယ် ထင်တဲ့ ကျေးရွာတွေမှာ သွားရောက် ခိုလှုံနေရတာပါ။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွင်းမှာ စက်သုံးဆီတွေ၊ ဆေးဝါးတွေ ဝယ်ယူလို့ မရတော့တဲ့ အတွက် တိုက်ပွဲ ရက်ကြာလာမယ် ဆိုရင် ပိုပြီး ခက်ခဲလာမယ့် အခြေနေရှိနေတယ်လို့ တာမိုးညဲမြို့နယ်ခွဲ ကျေးရွာတခုမှာ စစ်ဘေးရှောင်နေရသူ တဦးက ပြောပါတယ်။

“ပိတ်မိနေတယ်ဆိုတာက ဒီကနေ ဘယ်မှကို သွားလို့မရတော့ဘူး။ ဒီကနေ ကွတ်ခိုင်ကို သွားဖို့ ဆိုတာလည်း သွားမရတော့ဘူး။ ရွာပြန်မယ်ဆိုရင်လည်း ပြန်မရတော့ဘူးပေါ့နော်။ ရက်ကြာလာရင် အခက်အခဲတွေရှိလာမယ်။ တချို့နေရာတွေကတော့ စပါးရှိပေမယ့်လည်း သူတို့မှာ ကြိတ်ဖို့ ဆန်စက်မှာတော့ ဆီမရှိဘူး ပေါ့နော်။ ဆီဝယ်လို့မရဘူး။ အခက်အခဲတွေ အမျိုးမျိုးရှိနေတယ်။ သွားရေးလာရေး၊ ယာဉ်ထဲထည့်ဖို့ ဆီကလည်း ဝယ်လို့မရတော့ဘူး။ စားဖို့သောက်ဖို့ဆီ ကလည်း ဝယ်လို့ရမှာ မဟုတ်တော့ဘူး။ ဓာတ်ဆီလည်း ဝယ်မရတော့ဘူး ဒီဇယ်လည်း ဝယ်မရတော့ဘူး။ ဆေးဝါးဆိုတာလည်း ဒီမှာ ကျေးလက် ကျန်းမာရေးမှူးတဦးတော့ပါလာတယ်။ လူပဲ ပါလာတာ ပေါ့နော်။ ဘာဆေးမှ မရှိဘူး။ ဆေးထိုးအပ် ဘာညာဝယ်တာတောင် အဆင်မပြေဘူး။ အားလုံး မရှိဘူးပေါ့နော်။”

တိုက်ပွဲပြင်းထန်နေတဲ့ သိန္နီမြို့မှာလည်း လားရှိုး သိန္နီ တံတား ကျိုးသွားတဲ့အတွက် အသွားအလာ အခက်အခဲ ဖြစ်နေတာပါ။ စစ်ဘေးရှောင် ၇ ထောင်လောက်ဟာလည်း သိန္နီမြို့က ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံနေရ ပါတယ်။ တိုက်ပွဲစဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်ကစလို့ လားရှိုး ချင်းရွှေဟော် ၊ လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA က ပိတ်ပစ်လိုက်ပြီး ယာဉ်တွေ ဖြတ်သန်းမသွားဖို့ ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG