သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်


စစ်ကောင်စီတပ်စခန်းတွေကို သိမ်းနိုင်ခဲ့ကြောင်း ၁၀၂၇ စစ်ဆင်ရေးက နေ့စဉ်ထုတ်ပြန်(အောက်တိုဘာ ၃၁၊ ၂၀၂၃)
စစ်ကောင်စီတပ်စခန်းတွေကို သိမ်းနိုင်ခဲ့ကြောင်း ၁၀၂၇ စစ်ဆင်ရေးက နေ့စဉ်ထုတ်ပြန်(အောက်တိုဘာ ၃၁၊ ၂၀၂၃)

၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်း၊ လောက်ကိုင်နဲ့ လားရှိုးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း ၈၀ ခန့်ကို သိမ်းယူလိုက်ကြောင်း ကိုးကန့်တပ်က သတင်းထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား -ဗန်းမော်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကိုလည်း ကချင် KIA တပ်က သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်က လိုင်ဇာအနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။ တနေ့ထက် တနေ့ စစ်ရေးအရှိန် မြင့်တက်လာနေတဲ့ ရှမ်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က အခြေအနေကို ကိုခင်မောင်စိုးမင်းက တင်ပြပါမယ်။

ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင်တပ် ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ၅ရက်မြောက်နေ့အထိ ဆက်လက်ပြင်းထန်နေပြီး ဒီနေ့မှာတော့ ကိုးကန့်ဒေသက ကုန်းကြမ်းနဲ့ လောက်ကိုင်မြို့နယ်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနေပါတယ်။ ဒီကနေ့ မနက်မှာတော့ MNDAA ကိုးကန့်တပ်တွေဟာ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်က စစ်ကောင်စီ တပ်စခန်းအချို့ကိုပါ တိုက်ခိုက်သိမ်းယူလိုက်ပြီး ဒီနေ့အထိ စုစုပေါင်း စခန်းပေါင်း ၈၀ခန့် သိမ်းဆည်းခဲ့ကြောင်း MNDAA က ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။

“ ဒီမနက် ၇နာရီနဲ့ ၁၀ နာရီမှာ ချင်းရွှေဟော်ဒေသရဲ့ မြောက်ဘက်ပိုင်း ကျနော်တို့ ခေါ်တဲ့ တုံးရှန်းဒေသပေါ့နော်၊ တုံးရှန်းဒေသမှာရှိတဲ့ ကျနော်တို့ ဇတုံရွာမှာရှိတဲ့ တပ်စခန်း ၂ခုကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ ပြီးတော့ ဒီနေ့ နေ့လည် ၁၂နာရီလောက်မှာလည်း ရှင်းဝမ်ဒေသမှာ ရှိတဲ့ ရှင်းဖျင်ကျဲ ၊ ရှင်းဖျင်ကျဲရွာရဲ့ ဘုန်းကြီးကျောင်းမှာ တပ်တည်ထားတဲ့ စစ်ကောင်စီကို ကျနော်တို့ ချေမှုန်းနိုင်ခဲ့တယ်။ မုန်းကိုး၊ ဖောင်းဆိုင်ဘက်မှာ ရှိတဲ့ စစ်ကောင်စီ အားလုံးကိုတော့ မနေ့ညတည်းက အကုန်လုံး ရှင်းလင်းလိုက်ပြီဗျ။ ဒီနေ့ မနက်တော့ နယ်မြေရှင်းလင်းရေးကိုပဲ အဓိက လုပ်ဆောင်နေပါတယ်ဗျ။ တိုက်ပွဲအချုပ်အနေနဲ့ တပ်စခန်းတော့ ၈၀ သိမ်းဆည်းနိုင်ခဲ့တယ်။”

တိုက်ပွဲအတွင်း သံချပ်ကာကားတွေကိုပါ ဖျက်ဆီးပစ်နိုင်ကြောင်းလည်း ပြောပါတယ်။

"သံချပ်ကာကတော့ ၄ စီးလား၊ ၅ စီးလား အသေချာအသေးစိတ် မသိရသေးဘူး။ တော်တော်များများတော့ ပျက်တာများပါတယ်။ ဗုံးတွေ ထိမှန်ပြီးတော့"

MNDAA ထုတ်ပြန်ချက်မှာတော့ သံချပ်ကာကား ၆ စင်း ကိုဖျက်ဆီးနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ တုံးရှန်းဒေသဟာ လောက်ကိုင်မြို့နယ်ဖြစ်ပြီး ရှင်းဝမ်းဒေသဟာ ကုန်းကြမ်းမြို့နယ် ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ရေးသတင်း စာမျက်နှာမှာတော့ မူဆယ်မြို့နယ်အရှေ့ပိုင်း တရုတ်နယ်စပ်ရှိ ဖောင်းဆိုင်မြို့ကို ၃၀ ရက်နေ့ ညနေပိုင်းက သိမ်းယူကြောင်း ဖော်ပြထားပါတယ်။ ဒီသတင်းကိုတော့ VOA အနေနဲ သီးခြား အတည်ပြုချက် မရသေးပါဘူး။

TNLA တအာင်းတပ်ဖွဲ့ကတော့ လားရှိုးမြို့နယ်က စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း၊ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ တွေရှိနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ TNLA က မိုင်းကျက်စခန်းကို ဒီလ ၂၇ ရက်နေ့ ကတည်းက တိုက်ခိုက်နေတာပါ။ တဆက်တည်းမှာပဲ စစ်ကောင်စီတပ်က စွန့်ခွာသွားတဲ့ သိန္နီနဲ့ လားရှိုးအကြားရှိ မိုင်းပါး တပ်စခန်းကို သိမ်းယူလိုက်ကြောင်းလည်း TNLA သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။ TNLA ရဲ့ ပြောရေးဆိုခွင့် ရှိသူကိုတော့ ဒီကနေ့ ဖုန်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီနဲ့ KIA အကြားတိုက်ပွဲတွေ ပြင်းထန်နေ သလို စစ်ကောင်စီတပ်က လိုင်ဇာအနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။ ဒီနေ့ မနက်ပိုင်းက ဝိုင်းမော်မြို့နယ် မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်က ကန်ဒေါင်ယန်စခန်းနဲ့ မလိယန်စခန်းကို KIA က တိုက်ခိုက်ခဲ့ပြီး ကန်ဒေါင်ယန်စခန်းကို သိမ်းယူခဲ့ကြောင်း နဲ့ လိုင်ဇာအနီး ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ ဝိုင်းမော်မြို့နယ်ပေါ့။ မြစ်ကြီးနားနဲ့ ဗန်းမော်ကားလမ်းပေါ်က ကန်ဒေါင်ယန် တပ်စခန်းဖြစ်ပါတယ်။ ကန်ဒေါင်ယန်စခန်းကို ကျနော်တို့ သိမ်းတဲ့နောက်ပိုင်းမှာပေါ့နော် သူတို့က လေယာဉ်နဲ့ လာပစ်တာ ရှိပါတယ်။ အောင်ဂျာစခန်း၊ သူတို့ လက်လွတ်သွားတဲ့ စခန်းကိုပါ လေကြောင်းနဲ့ လာပစ်တာရှိပါတယ်။ ဒီမနက် ၇နာရီအချိန်မှာ ဘွမ်ရေဘွမ်တောင်ကနေ လက်နက်ကြီးနဲ့ ပစ်တာဖြစ်ပါတယ်။ မုန်လိုင်ခက်ဘက်ကို ပစ်တာဖြစ်ပါတယ်။ မုန်လိုင်ခက်ဘက်မှာတော့ အထိအခိုက်တော့ မရှိဘူးခင်ဗျ။”

ညနေ ၃နာရီခန့်မှာတော့ စစ်ကောင်စီတပ်က KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို လေကြောင်းကနေ ၃ကြိမ်ခန့်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ လိုင်ဇာဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်း ကတည်းက စစ်ရေးတင်းမာနေပြီး နောက်ပိုင်းမှာလည်း စစ်ရေး အရှိန် ပိုမိုမြင့်တက်လာနိုင်ကြောင်း KIA ဘက်က သုံးသပ်ထားပါတယ်။ လတ်တလောဖြစ်ပွားတဲ့ တိုက်ပွဲသတင်းတွေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ဒီလ ၂၇ရက်နေ့က ညီနောင်မဟာမိတ် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ကြေညာပြီး ရှမ်းမြောက်ဒေသက စစ်ကောင်စီ တပ်စခန်းအတော်များများကို သိမ်းယူလိုက်သလို၊ လားရှိုး - မူဆယ်လမ်း၊ လားရှိုး- လောက်ကိုင်လမ်း၊ လားရှိုး - မန္တလေး လမ်းတွေ ဟာ အဆက်အသွယ်ပြတ်တောက်နေပါတယ်။ စစ်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော် ဟာလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG