မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိ့က္ခတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ၆,၀၀၀ လောက်ရှိပြီး လူသားချင်းစာနာတဲ့အနေနဲ့ သူတို့အတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ ကူညီပေးသွားမယ့်အကြောင်း မဏိပူပြည်နယ် ဝန်ကြီးချုပ် N Biren Singh က ပြောပါတယ်။
နောက်ထပ်လည်း မြန်မာနိုင်ငံဘက်က ဒုက္ခသည် ထပ်ရာက်လာဖို့ မျှော်လင့်တဲ့အကြောင်း အာသံပြည်နယ် Barak တောင်ကြား အခမ်းအနားတခုမှာ မနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က မဏိပူပြည်နယ် ဝန်ကြီးချုပ် ပြောတာကို အိန္ဒိယအခြေစိုက် The Economic Times သတင်းစာမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ အကြပ်အတည်းတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်ထဲကို ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒုက္ခသည်တွေ ရောက်ရှိနေပြီး သူတို့ကို မီဇိုးရမ်း ပြည်နယ်အစိုးရက ထောက်ပံ့ကူညီထားပါတယ်။ မဏိပူပြည်နယ်ထဲကို ဒုက္ခသည်တွေ ထပ်ရောက်လာတာကိုတော့ မဏိပူပြည်နယ် ဝန်ကြီးချုပ်က ပထမဆုံး ပြောဆိုတာပါ။
မဏိပူပြည်နယ်အတွင်းမှာလည်း ဒီနှစ်စောစောပိုင်းက ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ Meitei (မယ့်သယ်) လို့ ခေါ်တဲ့ ကသည်းလူမျိုးတွေနဲ့ ကူကီး မျိုးနွယ်စုတွေအကြား လူမျိုးရေးပဋိက္ခကြောင့် ပြည်နယ်ထဲက လူတွေ ၁၂,၀၀၀ ကျော် မီဇိုးရမ်းပြည်နယ်ကို ထွက်ပြေး ခိုလှုံနေရပါတယ်။