သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကြီးဆုံး လစ်သီယမ် ဘက်ထရီ


South Australian Premier Jay Weatherill speaks as he stands next to a plaque during the official launch of the Hornsdale Power Reserve, featuring the world's largest lithium ion battery made by Tesla, near the South Australian town of Jamestown, Dec. 1, 2
South Australian Premier Jay Weatherill speaks as he stands next to a plaque during the official launch of the Hornsdale Power Reserve, featuring the world's largest lithium ion battery made by Tesla, near the South Australian town of Jamestown, Dec. 1, 2

ဒီတပတ်တော့ ကမ္ဘာ့အကြီးဆုံး လစ်သီယမ် ဘက်ထရီနဲ့ ဘက်ထရီ အဆင့်ဆင့် တိုးတက် ထုတ်လုပ်လာတဲ့ အကြောင်းကို ပြောပြပါရစေ။

ကမ္ဘာ့အကြီးဆုံး လစ်သီယမ် ဘက်ထရီ
please wait

No media source currently available

0:00 0:07:06 0:00
တိုက်ရိုက် လင့်ခ်

ကမ္ဘာ့အကြီးဆုံး လစ်သီယမ် ဘက်ထရီကို Elon Musk ရဲ့ Tesla ကုမ္ပဏီက Australia မှာ တပ်ဆင်ပေးခဲ့ပါတယ်။ ရက်ပေါင်း တရာအတွင်း တည်ဆောက်ပေးခဲ့တဲ့ ဒီဘက်ထရီကြီးဟာ လေစွမ်းအင် ထုတ်စက်ရုံနဲ့ ဆက်ထားတဲ့ ဒီဘက်ထရီ ဖြစ်ပြီး Australia တောင်ပိုင်းက ပြည်နယ်တခု ဖြစ်တဲ့ တောင် Australia ပြည်နယ်အစိုးရကို ပေးလှုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ဒီဇင်ဘာ ၁ရက်နေ့မှာ စတင်လည်ပတ်ခဲ့တဲ့ ဒီဘက်ထရီကြောင့် ၂၄ နာရီ အပြည့် မီးပေးနိုင်ပြီဖြစ်တဲ့ တောင် Australia ပြည်နယ်ဟာ ကမ္ဘာပေါ်မှာ ထိပ်တန်း ပြန်ပြည့်မြဲစွမ်းအင်သုံး ဒေသဖြစ်သွားပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က ကြေညာနိုင်ခဲ့ပါတယ်။ Jamestown မြို့လေးမှာ တပ်ဆင်ထားတဲ့ တနာရီကို ၁၂၉ မီဂါဝပ် ထုတ်ပေး နိုင်တဲ့ ဒီဘက်ထရီက အိမ်ပေါင်း ၃ သောင်းကျော် အတွက် လုံလောက်တဲ့ လျှပ်စစ်စွမ်းအင်ကို ပေးနိုင်ပါတယ်။

Telsa ကုမ္ပဏီရဲ့ မိတ်ဖက်ဖြစ်တဲ့ ပြင်သစ်ပိုင် Neoen ပြန်ပြည့်မြဲစွမ်းအင် ကုမ္ပဏီ ပိုင် Hornsdale လေစွမ်းအားသုံး စက်ရုံက ရတဲ့ စွမ်းအင်ကို ဒီဘက်ထရီက သိုလှောင်ပြီး ပြန်လည် အသုံးပြုတာ ဖြစ်ပါတယ်။

လေစွမ်းအင်နဲ့ နေစွမ်းအင်ကို အဓိက သုံးနေတဲ့ တောင် Australia ပြည်နယ်ဟာ မကြာခင် နှစ်တွေ အတွင်းက ပြင်းထန်တဲ့ ရာသီဥတု ဒဏ်ကြောင့် လျှပ်စစ်မီး ပြတ်တောက်တဲ့ အခက်အခဲနဲ့ ကြုံခဲ့ရတာဖြစ်ပြီး အခုတော့ ဒီဘက်ထရီကြောင့် ပြန်ပြည့်မြဲ စွမ်းအင်ကို အချိန်မရွေးသုံးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ နောင်မှာ ပြန်ပြည့်မြဲစွမ်းအင်ကို လစ်သီယမ် ဘက်ထရီနဲ့ တွဲသုံးတဲ့ စက်ရုံတွေ တည်ဆောက်နိုင်မယ့် လမ်းစဖြစ်တယ်လို့ Tesla ကုမ္ပဏီက ပြောပါတယ်။

လစ်သီယမ် ဘက်ထရီ ထုတ်နိုင်တဲ့ အဆင့် ရောက်လာဖို့ ဘက်ထရီတွေ တီထွင်မှုအတွက် အစပျိုး ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ လောက်ကပါ။ ၁၇၈၀ မှာ ဖားကို လေ့လာဖို့ စမ်းသပ်ခွဲစိပ်ခဲ့တဲ့ Luigi Galvani ဟာ ကြေးချိတ်နဲ့ ဖိထားတဲ့ ဖားကို သူ့ရဲ့ သံဓါးနဲ့ ထိတဲ့ အခါ ဖားခြေထောက်က တွန့်သွားတာကို တွေ့တော့ တိရိစ္ဆာန်တွေမှာ လျှပ်စစ်ဓါတ်ရှိတာ ကြောင့်ဖြစ်မယ်လို့ တွက်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက် သိပ္ပံပညာရှင် Alessandro Volta ကတော့ သူ့လို မတွေးပါဘူး။ အမျိုးစား ကွဲပြားတဲ့သတ္တု ၂ မျိုး electrolyte လို့ခေါ်တဲ့ ဆားရည်ပါတဲ့ စိုထိုင်းထိုင်း ကြားခံမှာ ဖြတ်ရင် လျှပ်စစ် ရမယ်လို့ တွက်ခဲ့ပြီး ဆက်လက်တီထွင်ခဲ့တာလို့ ရူပဗေဒပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

“ပထမဦၤးဆုံး စတွေ့ သူကတော့ Volter ပါ။ ဖားကို ခွဲစိပ်နေတဲ့ အချိန်မှာ ဖားအကောင် လေး ကို ရိုက်ထားတဲ့ သံမှိုက တခုက ကြေးပြား၊ နောက်တခုက သွပ်ပြားလို ဟာမျိုး ဖြစ်တဲ့ အတွက် သွားတို့လိုက်တဲ့ အချိန်မှာ သဘာဝ ဓါတ်မတူတဲ့ သတ္တု ၂ မျိုးကြားမှာ လျှပ်စစ်စီးပါတယ်။ အဲဒါကြောင့် ဖားရဲ့ အကြောလေးတွေက တုန်တုန် သွားတဲ့ အခါကျတော့ ပထမဦးဆုံး သူတို့ ထင်ခဲ့တာ ကတော့ ဖားကိုယ်ထဲက လျှပ်စစ်ဓါတ် ထုတ်တယ်လို့ ထင်တာပါ။ အမှန်က ဒီလို မဟုတ်ပါဘူး။ ဓါတုဗေဒ စွမ်းအင်ကနေ လျှပ်စစ် စွမ်းအင်ကို ပြောင်း သွားတာလေးကို စပြီးတော့ တွေ့တာ ပေါ့နော်။”

ဘက်ထရီတခုရဲ့ အခြေခံ အလုပ်လုပ်ပုံကို သိရအောင် အရိုးရှင်းဆုံး ဖြစ်တဲ့ ကားဘက်ထရီ ကနေ စပြီး ကြည့်လို့ ရပါတယ်။

“ ရိုးရိုးဘက်ထရီဖြစ်တဲ့ ကားဘက်ထရီဟာ အက်ဆစ် ငရဲမီး နဲ့ လုပ်တဲ့ ဘက်ထရီပါ။ ဘက်ထရီ အိုးထဲမှာ ခဲပြားနဲ့ လျှပ်လိုက်အရည်။ အီလက်ထရိုလိုက် (electrolite) လို့ခေါ်တဲ့ လျှပ်လိုက်ရည် က ငရဲမီး - ဆာလ်ဖျူရစ် အက်ဆစ်နဲ့ ရေကို ရောထားတာပဲ ရှိပါတယ်။ ဆိုလိုတာက ဘက်ထရီအိုးထဲမှာ လျှပ်စစ်ဓါတ် မရှိပါဘူး။ ဘက်ထရီ အခြောက်ပဲ ဖြစ်ဖြစ် အိုး ထဲမှာပဲ ဖြစ်ဖြစ် အထဲမှာ လျှပ်စစ်ဓါတ်မရှိဘူး။ ဓါတုဗေဒ စွမ်းအင်ကို သိုလှောင်ထား တဲ့ ပစ္စည်း တခုပဲ။ အပြင်ကနေပြီးတော့မှ လျှပ်စစ် ဝါယာကြိုးနဲ့ ဖြစ်ဖြစ်၊ မီး နဲ့သွယ်လိုက်တာပဲ ဖြစ်ဖြစ်၊ တယ်လီဖုံး နဲ့ ဆက်လိုက်တာ ပဲဖြစ်ဖြစ် မော်တာ တခုနဲ့ သွားပြီး ဆက်လိုက်တာပဲ ဖြစ်ဖြစ် အဲဒီအချိန်ကျမှ အထဲမှာ ဓါတုဗေဒ စွမ်းအင်ကနေ လျှပ်စစ်ဓါတ်ကို ပြောင်းသွားတာ။ အဲဒီတော့ ဘက်ထရီအိုး ဆိုတာ လျှပ်စစ်ဓါတ်ကို သိုလှောင် ထားတာ မဟုတ်ဖူး။ ဓါတုစွမ်းအင်ကို သိုလှောင် ထားပြီးတော့မှ လျှပ်စစ် ဓါတ်ကို ပြောင်းပေးတဲ့ ပစ္စည်း တမျိုး လို့ နားလည်ရမှာ ဖြစ်ပါတယ်။”

“ကားဘက်ထရီက လျှပ်လိုက်ရည် - အီလက်ထရိုလိုက် ဆာလ်ဖျူရစ် ကန့်ငရဲမီးနဲ့ ရေပါပြီး ခဲအောက်ဆိုဒ်နဲ့ ခဲပြားတွေကို အကန့်လိုက် အကန့်လိုက် ထားပြီး အဲဒီထဲမှာ အိုင်းယွန်း ion လို့ ခေါ်တဲ့ အဖိုဓါတ်တွေကို သွားခိုင်တာပေ့ါနော်။ ဒီအီလက်ထရိုလိုက် ဆိုတဲ့ လျှပ်လိုက် အရည်ထဲမှာ အီလက်ထရွန် မစီးနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက လျှပ်ကာ အရည် တမျိုးပါ။ သူ့ထဲမှာ စီးတာက အဖို အိုင်းယွန်းတွေပဲ ဖြစ်တဲ့ အတွက် လျှပ်စစ် စီးတာက အပြင်မှာ သွယ်လိုက်တဲ့ ဝါယာကြိုးမှာပဲ စီးတာ ဖြစ်ပါတယ်။ ဒါက တော့ ဘက်ထရီရဲ့ အဓိက အချက်ပါ။”

ဘက်ထရီ အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာတာကို ကြည့်ရအောင်ပါ။

“ပထမဆုံး စသုံးတဲ့ ဘက်ထရီက အဲဒါမျိုး ဘက်ထရီပါ။ နောက် ဓါတ်ခဲ အခြောက်ပါ။ အဲဒီ ဓါတ်ခဲ အခြောက် ဆိုရင် သူ့ထဲမှာ ထည့်တဲ့ လျှပ်လိုက်အရည် ကတော့ gel အနေနဲ့ ရှိပါတယ်။ ကော်လို ဟာမျိုး တမျိုး ထည့်ထားပြီး သူ့မှာ ကာဗွန်ချောင်း ကလေးပါတယ်။ လျှပ်စစ်ဓါတ် စီးလို့ရတာ။ သူ့မှာ ကာဗွန်ချောင်း ကလေးနဲ့ ဓါတု စွမ်းအင်ကို သိုလှောင် ထားတာပဲ ဖြစ်ပါတယ်။

နောက်တမျိုး ကတော့ လျှပ်စစ်ဓါတ်အား ကုန်သွားတဲ့ အခါ ပြန်အားသွင်းလို့ ရတဲ့ rechargable battery ဘက်ထရီပါ။ nickel - cadmium နစ်ကယ် - ကက်ဒမီယမ် NiCd ဘက်ထရီပေါ့နော်။ နစ်ကယ်နဲ့ ကက်ဒမီယမ် သတ္တု ၂ ခုကို တွဲပြီး သုံးထားတဲ့ ဘက်ထရီ ဖြစ်ပါတယ်။”

“နောက်တခုက ဒီ့ထက် ပိုပြီး အဆင့်မြင့်တဲ့ဟာက nickel metal hydride နစ်ကယ်- မက်တယ် ဟိုက်ဒရိုက် NiMH ဘက်ထရီလို့ ခေါ်ပါတယ်။ သူ့ကို လျှပ်စစ်ဓါတ် မြန်မြန် charge လုပ်လို့ ရပါတယ်။ ရိုးရိုး ဘက်ထရီအိုးတွေ ဆိုရင် တရက်လောက် charge လုပ်ယူရတယ်။ နီကယ်- ကက်ဒမီယမ် NiCd ဆိုရင်လည်း နာရီ အကြာကြီး charge လုပ်ယူရပါတယ်။ နောက်ပိုင်း ထွင်လာတဲ့ နစ်ကယ် မက်တယ် ဟိုက်ဒရိုက် NiMH ဘက်ထရီကျတော့ လျှပ်စစ်ဓါတ်ကို charge လုပ်ရတာ မြန်လည်း မြန်တယ်။ နောက်တခုက သူက အဆိပ် မရှိဘူး။ စောစောက နစ်ကယ်- ကက်ဒမီယမ် ဆ ိုရင် သူက အဆိပ်ဓါတ်တွေ ပါပါတယ်။”

“နစ်ကယ် ကက်ဒမီယမ် ဘက်ထရီကို elephant memory လို့ ခေါ်ပါတယ်။ သူ့ကို ကုန်အောင် သုံးလိုက်ပြီးမှ ပြန် charge လုပ်ရပါတယ်။ charge မလုပ်ရင် ဒီ NiCd ဘက်ထရီ တွေက တဝက်တပျက် လောက်ပဲ charge လုပ်တယ်။ အဲဒါဆိုတော့ လျှပ်စစ်ဓါတ် အပြည့် ပြန်မရဘူး။ နောက်ပြီး သူက ခဏခဏ ဘက်ထရီ ကုန်ကုန် သွားပြီး ပြန်ပြန် charge လုပ်ရပါတယ်။ အဲဒါမျိုး NiMH မှာ လုံးဝ မရှိပါဘူး။ ”

“ဒီ့ထက် ပိုပြီး အဆင့်မြင့်လာတာက ၁၉ ၉ ၀ နောက်ပိုင်း ကျတော့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီ ပေါ်လာပါတယ်။ အဲဒါ ဘာလည်း ဆိုတော့၊ သူက လစ်သီယမ် ဓါတ်တမျိူးရဲ့ အိုင်းယွန်းပါ။ လျှပ်စစ် အဖိုဓါတ် တွေကို သိုလှောင် ထားနိုင်တဲ့ ဘက်ထရီ တမျိုး ဖြစ်ပါတယ်။ သူက ခုန NiMH တို့ NiCd ဘက်ထရီတို့ထက် ပါဝါကို ထိမ်းထားနိုင်တာ ၂ ဆလောက် ပိုပါတယ်။ ဒါ့အပြင် သူ့မှာ elephant memory ဆိုတာလည်း မရှိတော့ဘူူး။ သူ့ရဲ့ အခြေခံပဲ အခုဆို လစ်သီယမ် - ကိုဘော့အောက်ဆိုဒ် ဒါမှမဟုတ် လစ်သီယမ် အိုင်းယွန်း ဖေါ့စဖိတ် ဆိုတာနဲ့တွဲပြီး လုပ် ထားတဲ့ ဟာပါ။ ဒီဘက်ထရီရဲ့ စွမ်းရည် efficiency က ဆိုရင် တော်တော် ကောင်းပါတယ်။ သူ့ကို အကြိမ်ပေါင်း မြောက်များစွာလည်း charge လုပ်လို့ ရပါတယ်။ နောက် နှစ် အကြာကြီး သုံးလို့ရအောင် လုပ်တာ အခု တော်တော် အဆင့်မြင့်လာပါပြီ။”

ဒီလို အဆင့်မြင့်တဲ့ ဘက်ထရီတွေ ထဲမှာ Tesla ကုမ္ဗဏီက Australia နိုင်ငံအတွက် တည်ဆောက်ပေးတဲ့ ဘက်ထရီက သိပ်ကို ကောင်းမွန်တယ်လို့လည်း ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။ နောက်တပတ်မှာတော့ ဒီ Tesla ကုမ္ဗဏီက ဘက်ထရီ အပြင် အပြည်ပြည် ဆိုင်ရာ အာကာသစခန်းမှာ သုံးနေတဲ့ ဘက်ထရီတွေနဲ့ ကိုယ်တိုင်သုံးဖို့ ဘက်ထရီ လုပ်နည်းလေးတွေကိုပါ ဆက်ပြီး ပြောပြပေးမှာပါ။

XS
SM
MD
LG