သစ်တောပြုန်းတီးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် သစ်တောတွေပြန်လည် ရှင်သန်လာဖို့နဲ့ ရေရှည်ခံအောင် ဘာတွေ လုပ်ဖို့ လိုအပ်တယ် ဆိုတာကို သစ်တောပညာရှင် ဦးဝင်းမော်က ပြောပြပေးမှာပါ။
သစ်တောဌာန အနေနဲ့ ရေရှည်ခံမယ့် သစ်တောစီမံခန့်ခွဲရေးနဲ့ ပါတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေပါသလဲ။
ထာဝစဉ် တည်တံ့စေမယ့် သစ်တောစီမံခန့်ခွဲမှုအတွက် အဓိကလုပ်ဆောင်ရမယ့် အချက် အကြမ်းအားဖြင့် ၅ ချက် ရှိပါတယ်။
ပထမက ဥပဒေပြုဖို့လိုပါတယ်။ ဥပဒေပြုပြီးရင် ဒီဥပဒေကို လိုက်နာဖို့ စည်းကမ်းချက်တွေ သတ်မှတ်ရမှာပါ။ ဥပဒေနဲ့ ဖွဲ့စည်းထားတဲ့ ကြိုးဝိုင်းတွေ တည်တံ့အောင် ဘယ်လိုလုပ်ဆောင်မယ်၊ သစ်တောဦးစီးဌာနလို သစ်တောတွေကို ထိမ်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့တွေအတွက် လိုအပ်တဲ့ မူဝါဒ legal and policy framework လိုအပ်ပါတယ်။
ဒုတိယ အနေနဲ့ သစ်တောတွေကို စီမံအုပ်ချုပ်တဲ့ plan ဆွဲဖို့ပါ။ တနှစ်ကို သစ် ဘယ်နှစ်တန် ထုတ်မယ်၊ တရားမဝင် သစ်ခုတ်မှုကို ဘယ်လို ကာကွယ်မယ် ဆိုတဲ့ မူတွေ ချမှတ်ဖို့ လိုပါတယ်။
တတိယ အနေနဲ့ သဘာဝ ဝန်းကျင်အတွက် ထည့်တွက်ရမှာပါ။ သဘာဝ ပါတ်ဝန်းကျင်ကို ထိမ်းတဲ့နေရာမှာ ရေ၊ မြေ ဝန်းကျင်အပြင် တောတွင်း ကျင်လည်ကျက်စားတဲ့ တောရိုင်း သတ္တဝါတွေ ကိုပါ ထည့်တွက်ဖို့လိုပါတယ်။ ဒီလို သဘာဝ ဝန်းကျင်ကိုထိမ်းနိုင်ဖို့ environmental impact assessment လို့ခေါ်တဲ့ သဘာဝ ပါတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို သိအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တောတွင်း နေထိုင်တဲ့ တော ကောင်တွေအတွက် အကာအကွယ်ပေးဖို့လည်း လုပ်ရမှာပါ။ ဒီတိရိစ္ဆာန်တွေ နဲ့ အပင်တွေရဲ့ ဂေဟစံနစ်လို့ ခေါ်တဲ့ ecosystem ကိုလည်း မပျက်စီးအောင် ထိမ်းသိမ်းပေးဖို့ လိုပါတယ်။
တိုးတက်လာနေတဲ့ နိုင်ငံ တနိုင်ငံအနေနဲ့ သဘာဝ ပါတ်ဝန်းကျင်ကို ဖျက်ဆီး နိုင်တဲ့ ဓါတုပစ္စည်း chemicals သုံးစွဲမှုတွေ စံနစ်တကျ ဖြစ်အောင် ဥပဒေချမှတ် ထိမ်းသိမ်းပေးဖို့ လိုပါတယ်။ ဒီနေရာမှာ စက်ရုံတွေက ထွက်တဲ့ စွန့်ပစ် ပစ္စည်း waste management ကိုလည်း အရေးတကြီး ကိစ္စတရပ် အနေနဲ့စဉ်းစား ရမှာ ဖြစ်ပါတယ်။ Protecting the environment သဘာဝ ပါတ်ဝန်းကျင်ကို ထိမ်းသိမ်းရမယ့် အထဲမှာ ဒါက အရေးပါတဲ့ ကဏ္ဍတရပ် ဖြစ်ပါတယ်။
နောက်စတုတ္ထ အချက်က well being of people ဒေသတွင်း ပြည်သူတွေ အတွက် ကောင်းကျိုးရအောင် ဘာလုပ်ပေးရမယ် ဆိုတာကို စဉ်းစားရမှာပါ။ ဒီလို လုပ်နိုင်ဖို့ social impact assessment ကို တွက်ချက်ပေးရမှာပါ။ လူမှုပိုင်းဆိုင်ရာ ကိစ္စတွေမှာ ဘာထိခိုက်နိုင်တယ်ဆိုတာကို သိအောင် လုပ်ရတာ ဖြစ်ပါတယ်။ ဥပမာ ဒေသတခုမှာ ရှိတဲ့ သစ်တော ကြိုးဝိုင်းထဲ သတ္တုထုတ်မယ် သစ်ထုတ်မယ် ဆိုရင် ဒေသခံတွေကို ဘယ်အတိုင်းတာထိ ထိခိုက်နိုင်မယ် ဆိုတာကို စဉ်းစားပေးဖို့ လိုအပ်ပါတယ်။
ပဉ္စမ အချက် အနေနဲ့ သစ်တောတွေ မြန်မြန်ပြန်ဖြစ်လာအောင် extra consideration လို့ ခေါ်တဲ့ သစ်တောထိမ်းသိမ်းရေး အတွက် တခြားလိုအပ်ချက်တွေ ကို စဉ်းစားပေးဖို့ပါ။ သစ်တော ရှိရာ ဝန်းကျင်တဝိုက် ရေကိုထိမ်းသိမ်းဖို့ မြေဆီလွှာထိမ်းသိမ်းဖို့၊ မြေကိုထိမ်းသိမ်းဖို့၊ ပိုးမွှား အန္တရာယ် ကာကွယ်ပေးဖို့၊ နောက် သစ်တောဦးစီးဌာနလို ဌာနမျိုးကနေ စိုက်ခင်းတွေ ပြန်စိုက်ဖို့လုပ်တာတွေ၊ စိုက်ခင်းတွေကို ဘယ်လို ပုံစံနဲ့ချပေးမယ် ဆိုတာက အစ စဉ်းစားရမှာ ဖြစ်ပါတယ်။
ဥပဒေပြုဖို့၊ သစ်တောတွေကို ကာကွယ်ဖို့၊ သဘာဝ ဝန်းကျင်ကိုကာကွယ်ဖို့၊ ဒေသခံတွေ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးဖို့ နဲ့ သစ်တောတွေ မြန်မြန်ပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးမယ် ဆိုတဲ့ အချက် ၅ ချက်ဟာ ရေရှည်ခံမယ့် သစ်တောဖြစ်ဖို့လိုအပ်ချက်တွေ ဖြစ်ပါတယ်။ သစ်တောတတောကို ရေရှည် အသုံးပြုချင်တယ် ဆိုရင် ဒီအချက်တွေ နဲ့ကိုက်ညီအောင် လုပ်ရမှာ ဖြစ်ပါတယ်။
သစ်ခိုးထုတ်လို့ ဖမ်းဆီးတာ တခုထဲနဲ့တင် ရေရှည်ခံမယ့် သစ်တောစီမံခန့်ခွဲမှု sustainable forest management လို့ ပြောလို့ မရပါဘူး။ တရားမဝင် ခိုးထုတ်တာကို ဖမ်းတာဟာ အချက်တချက်အနေနဲ့ သာပါဝင်တာ ဖြစ်ပါတယ်။ ကျန်အချက်တွေ နဲ့ ပြည့်စုံဖို့လည်း အရေးကြီးပါတယ်။ ဒီအထဲမှာ သဘာဝ ဝန်းကျင်ကို ထိမ်းသိမ်းရေးဟာ သိပ်ကို အရေးပါပေမယ့် သက်ဆိုင်ရာ ဌာနတွေက လ ျှစ်လျူရှုလေ့ရှိတာ တွေ့ရတယ်လို့လည်း ဦးဝင်းမော်က ပြောပါတယ်။
သဘာဝ ဝန်းကျင်ထိခိုက်မှုကြောင့် ရလာတဲ့ အပြောင်းအလဲကို ရုတ်တရက် မြင်နိုင်ဖို့ခက်ပါတယ်။ နှစ်နဲ့ချီကြာလာမှာ သိသာ ထင်ရှားလာတာ မျိုးမို့ ဂရုသိပ်မစိုက်ကြတာ လ ည်း ဖြစ်ပါတယ်။ ဥပမာ မြေဆီလွှာ တိုက်စားမှု ခံရတဲ့ ကိစ္စဟာ နေ့ချင်းညချင်းဖြစ်တာ မျိုးမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ကြာမှ ဖြစ်လာတာပါ။ ဖြစ်လာခဲ့ ပြီ ဆိုရင်လည်းဒါကို ပြန်ပြီး ကုစားဖို့ နှစ်ပေါင်းများစွာ ကြာနိုင်တဲ့ သဘောပါ။ မြေဆီလွှာ တလက်မ အတိုက်စား ခံရမယ် ဆိုရင် ဒီတလက်မ ပြန်ဖြစ်လာဖို့ နှစ်ပေါင်း ၅၀ - ၁၀၀ လောက် အချိန်ပေး ပြီး ပြန်ထိမ်းသိမ်းမှ ရပါတယ်။
စတုတ္ထ အချက်ဖြစ်တဲ့ ဒေသခံတွေ ရဲ့ လိုအပ်ကို ဖြည့်ဆည်းပေးတာဟာ ရေရှည်ခံမယ့် သစ်တောအတွက် လိုအပ်ချက်တခု ဆိုတာနဲ့ ပါတ်သက်ပြီး ဥပမာကို ကြည့်ရအောင်ပါ။
ရှမ်းပြည်က အင်းလေးကန်ထဲ စီးဝင်မယ့် ရေတွေကို ထိမ်းပေးတဲ့ သစ်တောတွေ ရှိရာ ရေဝေရေလဲ ဒေသ water catchment area အတွက် ဟိုးအရင်က စီမံကိန်းတွေ ချပြီး လုပ်ခဲ့ဘူးပါတယ်။
အဲဒီက ဒေသခံ အများစုဟာ ကျူးကျော် တောင်ယာခုတ်ကြ ပါတယ်။ တောင်ယာခုတ်ပြီး အခြောက်လှန်းတာ၊ မီးရှို့တာနဲ့ ခုတ်ပြီး နေရာတွေမှာ စပါးစိုက်တာ၊ တောင်ယာ စိုက်တာတွေ လုပ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အဓိက စီးပွါးရေးဖြစ်ပြီး တခြားဘာစီးပွါးရေးမှ မရှိပါဘူး။ သူတို့ကို ဒီလိုမလုပ်ဖို့ ပိတ်ပင်ရင် သူတို့မှာ တခြားဘာမှလုပ်စရာ မရှိဖြစ်သွားမှာပါ။ ဒါ့ကြောင့် သူတို့တတွေ အမြဲတမ်း တနေရာထဲမှာပဲ ပုံမှန် စိုက်ပျိုးရေးလုပ်နိုင်အောင် ဥယာဉ်ခြံ စီမံကိန်းချ အကောင်ထည် ဖေါ်ပေးခဲ့ပါတယ်။ တနေရာထဲမှာ သတ်သတ်မှတ်မှတ် နေနိုင်ဖို့ပါ။ ဒီလိုလုပ်ရာမှာ သူတို့အတွက် မျိုးကအစ ပေးပြီး နည်းပညာ ဖြန့်ဖြူး ပေးရပါတယ်။ ဥပမာ စီးပွါးဖြစ်စိုက်ပျိုးနိုင်မယ့် ကော်ဖီပင်အတွက် ပျိုးပင်တွေ ဝေငှ ပေးတာ၊ အရိပ်ရစေမယ့် သနပ်ဖက်ပင် ပျိုးပင် တွေ ဝေငှ ပေးတာ၊ ဒညင်းပင်၊ ထောပတ်ပင်လို မျိုးပင်တွေ ဖြန့်ဝေပေးပြီး ဥယာဉ်ခြံံလုပ်စေရ ပါတယ်။
ဒါတွေဟာ ရေဝေရေလဲဒေသက တောင်ယာခုတ်၊ မီးရှို့ပြီး တောပြုန်းစေတဲ့ ဓလေ့ကို ပြောင်းလဲစေတာနဲ့အတူ ဒေသခံတွေ အကျိုးရှိစေဖို့လုပ်ပေး တာဖြစ်ပြီး ရေရှည်တည်တံ့မယ့် သစ်တော ထိမ်းသိမ်းရေး စီမံခန့်ခွဲမှုရဲ့ အစိတ်အပိုင်းတခုဖြစ်ကြောင်း သစ်တောပညာရှင် ဦးဝင်းမော်က ပြောပါတယ်။