ဒီတပတ်တော့ တနိုင်တပိုင် ဆိုလာစွမ်းအင် ထုတ်တဲ့ Stand - Alone Solar စံနစ်နဲ့ လျှပ်စစ်ဓါတ်အားထုတ်တဲ့အကြောင်း ပြောပြပါရစေ။
အစိုးရလျှပ်စစ်ဓါတ်အားလိုင်း လက်လှမ်းမမှီတဲ့ နေရာတွေမှာရှိတဲ့ နေအိမ်တွေ ဒါမှမဟုတ် အသေးစားစီးပွါးရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီးရဖို့ သုံးတဲ့ စံနစ်မျိုးပါ။ Off grid လို့လည်း ခေါ်ပါတယ်။ စီးပွါးရေးအရ တွက်ခြေကိုက်သလို သဘာဝဝန်းကျင်ကိုလည်း မထိခိုက်စေပဲ လျှပ်စစ်ထုတ်ယူတဲ့ နည်းဖြစ်ပါတယ်။
လျှပ်စစ်ဓါတ်အားကို နေရောင်ခြည်ကနေ ထုတ်ယူသုံးစွဲရာမှာ ပုံစံ ၂ မျိုးရှိတယ်လို့ ကိုယ်တိုင် တနိုင်တပိုင် ဆိုလာစွမ်းအင် တပ်ဆင်ပေးနေတဲ့ Go Green မြန်မာ ကုမ္ပဏီတည်ထောင် ထားတဲ့ အင်ဂျင်နီယာ ဦးမိုးဟိန်းကပြောပါတယ်။
ဦးမိုးဟိန်း။ ။ “ကျနော်တို့ ဆိုလာမှာ ယျေဘူယအားဖြင့် ၂ မျိုးရှိတာပေါ့နော်။ ဆိုလာ Farming ရယ် ဆိုလာ home- alone စံနစ်ပေါ့နော်။ Individual သီးခြားစံနစ် လို့ပြောရင်လည်း ရပါတယ်။ Farming ကတော့ မြန်မာပြည်မှာ လုပ်နေတာ ကျနော်သိသလောက်ဆို ၃ - ၄- ၅ ဦးလောက်ရှိနေပြီ။ အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်းလောက်မှာ လုပ်တာများတယ်။ ပခုက္ကူဘက်၊ မြင့်ခြံဘက်၊ မကွေးနဲ့ မန္တလေးဘက်ပိုင်းတွေမှာ ပိုများပါတယ်။ home –alone စံနစ်ကိုတော့ နဂိုကတည်းကိုက ရွာတွေမှာ သူတို့ဟာသူတို့ ဆိုလပြားဝယ်၊ ဘက်ထရီအိုးလေးချိတ်ပြီး သုံးနေတာမျိုးလောက်တော့ ရှိပါတယ်။ အခု ကျနော့် စံနစ်ကတော့ အဲဒီလိုမဟုတ်ဖူး။ မြင်းကောင်ရေ တော်တော်ကြီးကြီးတွေ အထိ ဘက်ထရီမပါပဲ မောင်းတဲ့ စံနစ်က အဓိကပေါ့။”
အဲဒီ home –alone စံနစ် နဲ့ ဆိုလာ Farming နဲ့ ဘာကွာပါသလဲ
ဦးမိုးဟိန်း။ ။“ဆိုလာ Farming က ဆိုလာပြားတွေ အများကြီးထည့်ထားပြီးတော့ Watt ကို အများကြီးထုတ်ပြီးတော့မှ၊ သူက ဆိုလာသိမ်းတဲ့ဘဏ်ထဲ ထည့်ပြီးတော့မှ နောက်မှ ပြန်ပြီး ဖြန့်ဝေ ပေးတာပေါ့။ အဲဒီလို ဖြန့်ဝေပေးတဲ့အခါ အစိုးရလိုင်း Grid ထဲကို ထည့်တာမျိုးတွေ နောက်ပိုင်းမှာ ဖြစ်လာ တော့မှာပေါ့။ ဆိုတော့ အစိုးရကို ပြန်ရောင်းမယ် ဆိုတာမျိုးတွေ နောက်ပိုင်းး ဖြစ်လာတော့မှ ပေါ့။ ဆိုတော့ ဆိုလာပြားတွေ မြောက်များစွာကို ပေါင်းပြီးတော့မှ အိမ်တွေကို ပြန်ဖြန့်ပေးတဲ့စံနစ်ကို ဆိုလာ Farming စံနစ်လို့ခေါ်ပါတယ်။ home –alone စံနစ်ကျတော့ တနိုင်တပိုင်၊ တအိမ်၊ စက်ရုံတရုံ၊ ခြံတခြံ၊ ဒီလိုပေါ့ alone သီးသန့်ရှိတဲ့ စံနစ်ပေါ့။”
နေစွမ်းအင်ဟာ သုံးမကုန်တဲ့ စွမ်းအင်တခုဖြစ်ပါတယ်။
ဦးမိုးဟိန်း။ ။“ဆိုလာကတော့ သိတဲ့အတိုင်းပေါ့ဗျာ။ ကျနော်တို့ မနက်နေထွက်တဲ့ အချိန်ကနေ နေဝင်ချိန်အထိပေါ့နော်၊ ယျေဘူယျအားဖြင့် ပြောမယ် ဆိုရင် ၉ နာရီ နေထွက်မယ်။ သူက ထွက်တဲ့ နေထဲမှာ ပါဝင်တဲ့ light rays - နေရောင်ရဲ့ ပြင်းအား၊ စွမ်းအား၊ အဲဒီထဲမှာ ပါတဲ့ အလင်းအားပေါ့နော်၊ အဲဒါ အများဆုံးဖြစ်တဲ့ အချိန်က စတဲ့အချိန်က ၉ နာရီ -၉နာရီခွဲ ဝန်းကျင်ပေါ့။ ညနေဆို ၄ ခွဲ- ၅ နာရီ အထိ ပေါ့နော်။ အဲဒီနောက်ပိုင်း ဆိုရင်တော့ သူ့ပြင်းအား က ပြန်ကျသွားတယ်ပေါ့။ အဲဒီဟာကို အကြောင်း ပြုပြီးတော့မှ သုံးတာပါ။ သူကတော့ ပြန်ပြည့်မြဲ စွမ်းအင် ဆိုတဲ့အတိုင်း၊ နေကုန်သွားပြီး နောက်တနေ့ ကျ နေပြန်ထွက်ရင် ပြန်ရမယ်။ အဲဒီတော့ ဝယ်ရတာ မရှိဘူး၊ အသံမထွက်ဖူး၊ ဆူညံခြင်း မရှိဘူး၊ Pollution ညစ်ညမ်းမှု မရှိဘူး။ ဆိတ်ငြိမ်တဲ့နေအားထုတ်ပေးတဲ့ စက်ရုံပေါ့။ ဆိုတာက နေကလည်း ထုတ်ပေးနေတာက ကမ္ဘာမှာ ရှိတဲ့ လူဦးရေ အကုန်လုံး သုံးမယ် ဆိုရင်တောင် နောက်ထပ် လူဦးရေ အဆပေါင်း တသောင်းကျော် သုံးတာတောင် မကုန်ဘူးလို့ ပြောထားတွက်ချက်ထားတယ်။ ဆိုတော့ အဲဒီလောက်များတဲ စွမ်းအင်ဟာ ကျနော်တို့ ကမ္ဘာဦးတည်ကတည်းက ရှိလာခဲ့တ၊ အခုမှ ကျနော်တို့ သုံးတာဖြစ်လာကြတယ်။”
အသေးစားလုပ်ငန်းလေးတွေ အတွက်ပါ အဆင်ပြေစေနိုင်တဲ့ တနိုင်တပိုင်ထုတ်ယူတဲ့ နည်းဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာပါ။
ဦးမိုးဟိန်း။ ။ “တနိုင်တပိုင်လုပ်တဲ့ ဒီစံနစ်ကို ထိုင်းနိုင်ငံမှာ နှစ်ပေါင်းက တော်တော်ကြာနေပြီ၊ ဆယ်နှစ် နှစ် ၂၀ လောက်ကို သုံးနေတာ။ အဓိက ဘယ်မှာ သုံးသလဲ ဆိုရင် သူတို့ လယ်ယာ စိုက်ပျိုးရေးအတွက် ရေတင်တဲ့ နေရာမှာ သုံးနေတာ။ ကိုယ့်အိမ်နီးနားချင်း နိုင်ငံမှာ။ ဒီလောက်ကြာနေပြီ၊ မြန်မာပြည်မှာ သုံးတာ မတွေ့သေးဘူး။ ဆိုတော့ ဘာကြောင့် သူတို့ ဒီလောက် တွင်တွင်ကျယ်ကျယ်သုံးတာ မြန်မာပြည်မှာ မဖြစ်ရတာလဲလို့ ကျနော် သတိထားမိတယ်။ ဒီဟာကို မြန်မာပြည် ယူလာရင်တော့ မြန်မာပြည်က လူတွေ အတွက် အကျိုးသက်ရောက်မှု ရှိမှာပဲလို့ မြင်ပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး စလုပ်တုန်းကတော့ ၄ ယောက်ပေါ့။ အခု ကျနော်လုပ်တာကတော့ ထိုင်းမှာ တွေ့တဲ့ စံနစ်၊ ဒီစံနစ်က ရေတင်တဲ့ ဟာကို အဓိက ဦးစားပေး လုပ်တာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာလည်း စိုက်ပျိုးရေ၊ သုံးရေ၊ ချိုးရေ၊ စသဖြင့် လိုတယ်ဆိုတာ တွက်ပြီးတော့မှ ယူလာတာပါ။
သူ့ စံနစ်က နေ့ဘက်မှာ ရှိနေတဲ့ နေရောင်ခြည်ကို အသုံးပြုပြီးတော့မှ ဘက်ထရီ သုံးစရာ မလိုပဲနဲ့ မြင်းကောင်ရေကလည်း တော်တော်များများထိ သုံးလို့ရပါတယ်။ ထိုင်းမှာဆို ဘယ်လောက်အထိ ကျနော် တွေ့ခဲ့သလဲ ဆိုရင် မြင်းကောင်ရေ ၆၅၀ ကျော် အထိ သုံးထားတယ်။ မှန်စက်ရုံတွေက အစ သုံးတယ်ဆိုတာ တွေ့တော့ ကျနော်အနေနဲ့ ဒါကို ရဲရဲကြီး ယူလာဖို့ ရဲသွားတယ်။ သူတို့ဆီမှာလည်း နှစ်ပေါင်း ၂၀ ကျော် သုံးနေတာ တွေ့တာကိုး။ အဲတော့ ဒါက မြန်မာပြည်အတွက် သုံးမယ်ဆို တော်တော်ကို သုံးသင့်တဲ့ ကိစ္စပါ။ ဒါကနေ့ဘက်သုံးတာ။ ညဘက် တကယ်လို့ သုံးမယ် ဆိုရင်တော့ ဒါ ဘက်ထရီသုံးရမှာပေါ့။”
အစိုးရဓါတ်အားပေးလိုင်းနဲ့ မချိတ်ဆက်နိုင်တဲ့ နေရာတွေမှာ ဖြစ်စေ ကိုယ်သုံးချင်တဲ့ အချိန်မှာ မီးမရပဲ လျှပ်စစ်ဓါတ်အား လုံလုံလောက်လောက် မရပဲဖြစ်နေတာမျိုးတွေ အတွက် ဒီ stand-alone system ကို သုံးတာဟာ ရေရှည်မှာ စားရိတ် သက်သာစေပါတယ်။ စပြီးတပ်ဆင်ချိန်မှာတော့ ဆိုလာပြားနဲ့ မော်တာပေါ်မူတည်ပြီး ကုန်ကျမှုရှိပါတယ်။ ဒါပေမယ့် အခု နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စားရိတ်နဲနဲနဲ့ စွမ်းအင်ပိုပေးနိုင်တဲ့ ဆိုလာပြားတွေ ရှိလာပါပြီ။
ဦးမိုးဟိန်း။ ။“ဆိုလာရဲ့ သဘောတရားက ဝပ် Watt ၃၂၀ ထုတ်ပေးတယ်ဆိုရင် ၃၂၀ အပြည့် သုံးလို့မရဘူး။ ၂၈၀ လောက်ဖြစ်မယ်။ သူက ၂၀ % လောက်တော့ ဆင်းတယ်။ ဆိုတော့ ကျနော်တို့က ဒါကို အကြောင်းပြုပြီးတော့ တွက်ချက်ရပါတယ်။ ဆိုလာပြား အရေအတွက်က မြင်းကောင်ရေအား ဘယ်လောက် သုံးမလဲ ဆိုတာပေါ် မူတည်ပြီး တွက်ရပါတယ်။ မြင်းကောင်ရေ ငါးမူးကနေ အကောင်ရေ ရာဂဏန်းအထိ ကျနော်တို့ လုပ်လို့ရပါတယ်။ အသုံးပြုလို့ ရပါတယ်။ နောက် မော်တာ။ မော်တာက ကျနော်တို့ အင်ဂျင်နီယာ အခေါ်နဲ့ဆို working horse ပေါ့လေ။ ဒီမော်တာက စက်ရုံတွေမှာ သုံးတဲ့မော်တာ၊ ဒါကိုလည်း အသုံးချလို့ ရပါတယ်။ အိမ်တွေမှာလည်း တချို့ မော်တာသုံးပြီး လုပ်တဲ့ အလုပ်တွေရှိပါတယ်။ အသုံးချလို့ ရပါတယ်။
ဆိုလာပြား ဈေးကြီးတယ် ဆိုပေမယ့် အခု ဆိုလာပြားဈေးက ကျလာပြီ။ ဆိုလာပြား Technology နည်းပညာကလည်း တဖြေးဖြေး မြင့်သထက် မြင့်လာပြီ။ အရင်တုန်းက Watt ဒီလောက် ထုတ်မပေးနိုင်ဘူး အခု ဝပ် တော်တော် ထုတ်ပေးနိုင်လာပြီ။ အခုဆိုရင် ဆိုလာပြားတွေက သိနေတဲ့ အပြားကြီး အတိုင်းမဟုတ်တော့ပဲနဲ့ လိပ်လို့ ရတာမျိုးတို့၊ နောက် လေးလေးပင်ပင် ဘောင်တွေ ဘာတွေနဲ့ အချပ်မျိုး မဟုတ်တော့ပဲနဲ့ စက္ကူလို ပုံစံမျိုး ကအစ ထွက်လာနေပြီပေါ့။ တဖြေးဖြေး လာနေပြီ။ နောက် ဝပ်တွေလည်း တဖြေးဖြေး ပိုများလာနေပြီး ဈေးနှုန်းတွေကလည်း ကျသထက် ကျလာနေပြီ ဆိုတော့ အနာဂတ်မှာ ဒါနဲ့ပဲ သွားမယ်လို့ ကျနော် ယုံကြည်တယ်ပေါ့နော်။”
Go Green မြန်မာက အင်ဂျင်နီယာ ဦးမိုးဟိန်းပါ။