မြန်မာနိုင်ငံရဲ့ ရေကြီးမှုအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သဘာဝဝန်းကျင်ထိန်းသိမ်းရာမှာ အတူတွဲပြီး လုပ်ဆောင်သင့်တဲ့ R ၃ ခု ထဲက တတိယ R ဖြစ်တဲ့ Reforestation လို့ခေါ်တဲ့ သစ်တောတွေ ပြန်ရှင်သန်လာအောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာကို ထိန်းသိမ်းရေးအင်ဂျင်နီယာ ဦးသိန်းမော် ကပြောပြပေးမှာပါ။
ဦးသိန်းမော်။ ။“သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ သစ်ပင်စိုက်ရမယ် ဆိုတာ လူတိုင်းမှာ အသိရှိတယ်။ အဲဒီတော့ မိုးတွင်းမှာ သစ်ပင်တွေ စိုက်ကြတယ်။ သစ်ပင်စိုက်ပွဲတော်တွေ လုပ်ကြတယ်။ ဒါပေမယ့် တကယ်တမ်း သဘာဝ ပတ်ဝန်းကျင်ကို ထိထိရောက်ရောက် အကျိုးရှိလာတဲ့ စိုက်တာမျိုးကို မတွေ့ရဘူး။”
မြန်မာနိုင်ငံမှာ သစ်ပင်စိုက်ပွဲတွေ လုပ်ကြတာကြောင့် သဘာဝ ဝန်းကျင်ထိန်းသိမ်းဖို့ သစ်ပင်စိုက်ပျိုး ရမယ်ဆိုတဲ အသိကို ရစေပါတယ်။ ဒီအသိနောက်မှာ ဆက်ပြီး သတိထားဖို့လိုတာက သစ်ပင် တပင်နဲ့တင် မလုံလောက်ဘူးဆိုတာပါ။
ဦးသိန်းမော်။ ။“တကယ်တမ်းကျတော့ မြေကြီးကိုတိုက်စားမှုတွေ အတွက် သစ်ပင်တပင်ထဲကနေ ကာကွယ်မပေးနိုင်ဘူး။ ဆိုလိုတာက ဥပမာ ကျွန်တော်တို့ တောင်စောင်းတွေမှာ မြစ်ကမ်းတွေမှာ အမြစ်တွေ ကြွနေတဲ့ သစ်ပင်ကြီးတွေ တွေ့ဘူးမှာပါ။ သူက အမြစ်တွေက ကြွနေတာ မဟုတ်ဖူး။ သူ့အောက်က မြေကြီး အတိုက်စားခံရလို့။ ဆိုလိုတာက သစ်ပင် တပင်ချင်းက မြေတိုက်စားမှုကို ထိထိရောက်ရောက် အကာကွယ် မပေးနိုင်ဘူး။ အဲဒါ သူက အရွက်တွေနဲ့ အပေါ်ကနေ ကျလာတဲ့ မိုးရေ မြေကြီးကို ကျတဲ့ အရှိန်ပေါ့၊ အဲဒါကို ထိန်းပေးတဲ့ သဘောရှိတယ်။ နောက်ပြီးတော့ ကျလာတဲ့ မိုးရေကို သူက စုပ်ထားတဲ့ အကျိုးဖြစ်မှုတော့ ရှိတယ်။ တပင်ချင်းက မြေကြီးတိုက်စားမှုတွေကို ထိထိရောက်ရောက် အကာကွယ် မပေးနိုင်ဘူး။ သစ်တောဖြစ်လာမှ သာလျှင် သစ်ပင်တွေ အများကြီး ဖြစ်လာမှသာလျှင် ရေကသစ်ပင်တွေ ကြားကဖြတ်ပြီး နှေးသွားမယ်။ ပြီးတော့သူက သစ်ပင်တွေ အောက်မှာ ရှိတဲ့ အရွက်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေ၊ မြက်ပင်လေးတွေနဲ့ အတားအဆီး ရှိလို့သာ သူက နှေးပြီးတော့ မြေအောက်ရေ ပိုပြီးတိုးလာတာ ပေါ့နော်။”
ဒီလို အကျိုးရှိလာစေဖို့ ရည်ရွယ်ပြီး သစ်ပင်စိုက်နေသူတွေ ကမ္ဘာတဝှမ်းမှာ ရှိပါတယ်။
ဦးသိန်းမော်။ ။“ကမ္ဘာတဝှမ်းမှာ တယောက်ချင်း သစ်ပင်စိုက်နေတဲ့ သူတွေ ရှိတယ်။ ဥပမာ၊ အင်ဒိုနီးရှားနိုင်ငံမှာ ဆာဒီမန် ဆိုတဲ့ လူတယောက်ရှိတယ်။ သူက အနှစ် ၂၀ လောက်ပေါ့၊ သူ့ ဂျာဗားကျွန်းအလယ်ပိုင်းက သူတို့ရွာဘေးက သစ်တောက မီးလောင်လို့ ပျက်စီးသွားတယ်။ နောက် လူဖျက်ဆီးလို့ ပျက်သွားတယ်။ အဲဒီတော့ ဘာဖြစ်လာသလဲ ဆိုတော့ သူတို့ရွာမှာ ရေမရတော့ဘူး။ စိမ့်ရေ စမ်းရေ စမ်းချောင်းတွေ ခန်းခြောက်သွားတယ်။ လယ်စိုက်နေတဲ့သူတွေ လယ်စိုက်လို့ မရတော့ဘူး။”
“အဲဒီတော့ သူတို့ ဘာပဲ လုပ်သလဲ ဆိုတော့ လေးညှင်းပွင့်တွေပဲ ရောင်းတယ်။ ရောင်းပြီးဝင်ငွေ ရတာပေါ့နော်။ အဲဒီတော့ သူက လေးညှင်းပွင့်တွေ ရောင်း လို့ရတဲ့ ပိုက်ဆံကို သူကဘာလုပ်သလဲ ဆိုတော့ ညောင်ပင် ပျိုးပင်တွေ ဝယ်တယ်ပေါ့နော်။ ညောင်ပင်ပျိုးပင်က တော်တော် ဈေးကြီးတယ်။ အခုခေတ် ဆိုရင် ၇ ဒေါ်လာလောက် ရှိမယ်။ အဲဒါ သူက ရတဲ့ ပိုက်ဆံနဲ့ ညောင်ပင်ပျိုးပင်တွေ ဝယ်ပြီး သစ်တောထဲမှာ သွားစိုက်တယ်။ ညောင်ပင် ဆိုတာက အသုံးမတဲ့ဘူးပေါ့နော်။ လူတွေအတွက်။ အသီးကလည်းသုံးလို့မရ၊ အရွက်ကလည်း သုံးလို့မရ ဘူးပေါ့နော်။ အဲဒီတော့ အသုံးမကျတဲ့ အပင်ကို စိုက်နေတဲ့ သူ့ကို လူတွေက အရူးလို့ ခေါ်ကြတယ်။”
“ဒါပေမယ့် အနှစ် ၂၀ လောက် ကြာတဲ့အချိန်မှာ အရင်က စမ်းတွေ ပြန်ထွက်လာတယ်။ ရေတွေ ပြန်ရလာတယ်။ သူတို့တရွာလုံးက ရေကို ဖေါဖေါသီသီ သုံးရတယ်။ လယ်တွေပါ ပြန်စိုက်လာနိုင်တယ် ပေါ့နော်။ ဒါဟာ ဘာကြောင့် ဖြစ်လာသလဲ လို့ ကြည့်တဲ့အခါ သူစိုက်ထားတဲ့ သစ်ပင်တွေကြောင့် ရေတွေ ပြန်ထွက်လာတာ။ အခုအချိန်မှာ တော့ သူဟာ ဟီးရိုးဖြစ်သွားတာပေါ့။”
အင်ဒိုနီးရှားမှာ Gendol သစ်တော တောမီးလောင်လို့ ပျက်စီးခဲ့ရတဲ့နောက် အဲဒီက Dali ရွာမှာ အငတ်ဘေးဆိုက်ခဲ့တာ ကို ဆာဒီမန် (Sadiman) က ညောင်ပင်ပေါင်း တသောင်းတထောင်နဲ့ ဧကပေါင်း ၂၅၀ မှာ စိုက်ပြီးဖြေရှင်းခဲ့တာပါ။ သူလိုလူတွေ တခြားနိုင်ငံတွေမှာလည်း ရှိနေပါတယ်။
ဦးသိန်းမော်။ ။“သူလိုလူတွေ တရုတ်ပြည်မှာတို့၊ အာဖရိက မှာတို့၊ အိန္ဒိယမှာတို့ ရှိတယ်။ သူတို့တတွေ အပင်တွေ ဘယ်လောက်အထိ စိုက်ကြသလဲ လို့ ကြည့်လိုက်တဲ့အခါ အနဲဆုံးလူက အပင်တသောင်း တထောင်နဲ့ အကျယ်အဝန်းက ဧက တရာလောက်ပေါ့နော်။ ဧက တရာလောက် စိုက်မှ တကယ် အကျိုးဖြစ်တာကို တွေ့ရတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း တပင် နှစ်ပင် စိုက်နေတာထက် အနဲဆုံးတော့ သောင်းဂဏန်းလောက် စိုက်မှ ဖြစ်မယ်။ တရုတ်ပြည်တို့ အိန္ဒိယတို့မှာ အပင်သန်းနဲ့ ချီပြီး စိုက်နေတယ်။ နောက် ပါကစ္စတန်မှာဆို အပင် ဘီလျံနဲ့ချီပြီးစိုက်နေတယ်။ Billion Tree Tsunami ဆိုပြီးတော့ ခရစ်ကက်ကစားသမားကနေ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတဲ့ Imran Khan ကနေ ဦးဆောင်ပြီးလုပ်တာ။”
မြန်မာနိုင်ငံမှာလည်း သဘာဝဝန်းကျင်ပညာရှင်တယောက် ကြောင့် စိမ်းလန်းစိုပြေခဲ့ရတဲ့ သာဓက ရှိပါတယ်။
ဦးသိန်းမော်။ ။“ပုပ္ပါးတောင်ဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက ပူပြင်းတဲ့ဒေသမှာ နေတဲ့အတွက် နွေဆိုရင် ပုပ္ပါးကို သွားပြီးတော့ ပျော်ပွဲစား ထွက်ကြတယ်။ ပုပ္ပါးတောင်မှာ စမ်းချောင်းလေးတွေ ဘေးမှာ စားကြသောက်ကြပြီး ပြန်လာကြတယ်။ ကျွန်တော်တို့ ဆယ်ကျော်သက် ဖြစ်တဲ့အချိန်မှာ ပုပ္ပါးတောင်က ရေမထွက်တော့ဘူး။ တောင်ပေါ်မှာ သစ်ပင်တွေ မရှိတော့ဘူး။ ငှက်ပျောတော တွေပဲ ရှိတော့တယ်။ ဒါပေမယ့် သစ်တောက ဦးအုန်းက အဲဒီရောက်သွားတဲ့ အချိန်မှာ သူက ပုပ္ပါးတောင်မှာ သစ်ပင်တွေ ပြန်စိုက်တယ်။ ပြန်စိုက်တော့ ကျွန်တော်တို့ လူလတ်ပိုင်း ဖြစ်တဲ့အချိန်မှာ ပုပ္ပါးက ရေပြန်ထွက်နေပြီ။ အဲဒါ ဒီနေ့အထိလည်း ပုပ္ပါးပတ်ဝန်းကျင်က စိမ်းလန်းနေတာကို တွေ့ရတယ်။ ကျောက်ပန်းတောင်းလို မြို့ကလည်း ပုပ္ပါးက ရေကိုပဲ အဓိကထားပြီး သုံးနေရတယ်။”
“ဆိုလိုတာက သစ်ပင်က တပင်နှစ်ပင် စိုက်တာထက် အဲဒီလို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မြန်မြန်စိုက်မှပဲ သဘာဝ ပတ်ဝန်းကျင်အတွက် အကျိုးရှိမယ်။ ဒါတောင်မှ အနှစ် ၂၀ လောက်ကြာမှ တကယ်အကျိုးရှိ လာမယ်။ ဆိုလိုတာက ကျွန်တော်တို့ ဆီမှာလည်း တကယ် သဘာဝ ဝန်းကျင်ကို အကျိုးရှိဖို့ ဆိုရင် အပင် တသောင်းတော့ အနဲဆုံး စိုက်မှ ဖြစ်မယ်။ ဖြစ်နိုင်ရင် အပင် သိန်းနဲ့သန်းနဲ့ ချီပြီး စိုက်ဖို့ လိုနေပြီပေါ့။ ဒီ သစ်ပင် စိုက်တာကိုလည်း ပြည်သူတွေကရော အစိုးရကရော၊ အင်တိုက်အားတိုက် လုပ်နိုင်မှ ဖြစ်မယ်။ အဲဒီတော့ ဖြစ်နိုင်သမျှ ခုနက နည်း ၃ လမ်း စလုံးကို ပေါင်းပြီးမှ ထိထိရောက်ရောက် လုပ်မှ သဘာဝ ပတ်ဝန်းကျင်က ပြန်ပြီး ကောင်းလာနိုင်မယ်။”
“ပထမဆုံးကတော့ Rain Water Harvesting - မိုးရေကို ရအောင်ယူ၊ မိုးရေကို ထိန်းချုပ်ပေးရမယ် ပေါ့နော်။ ဒုတိယနည်းလမ်းကတော့ ကျွန်တော်တို့ မြစ်ထဲမှာ ဖို့နေတဲ့ သဲနုန်းတွေကို ဖယ်ထုတ်ရမယ်။ မြစ်ထဲမှာ ရေအတွက် စီးစရာ နေရာရှိလာအောင် လုပ်ပေးရမယ်။ အဲဒါကတော့ Room for the River လို့ခေါ်တယ်ပေါ့။ နောက်ဆုံးတနည်းကတော့ သမရိုးကျ နည်းဖြစ်တဲ့ Reforestation လို့ခေါ်တဲ့ သစ်ပင် သစ်တောတွေ ပြန်ပြီး ဖြစ်လာအောင် လုပ်ပေးတာပေါ့နော်။”
သစ်ပင်သစ်တောတွေ ပြန်ပြီးကောင်းလာအောင် လုပ်တဲ့နည်းမှာ မြက်ပင်တွေကလည်း အရေးပါပါတယ်။ ချင်းပြည်နယ် ဖလမ်းလေယာဉ်ကွင်းအတွက် ဗက်တီဗာ အမြစ်ရှည် မြက်မျိုးစိုက်ပြီး မြေထိန်းတာဟာ နောင် သစ်ပင်ကြီးတွေ စိုက်ဖို့ပါ လမ်းပွင့်သွားစေတာပါ။
ဦးသိန်းမော်။ ။“ဖလမ်းက လေယာဉ်ပျံကွင်း ဖလမ်းက ဆူပုံလေယာဉ်ကွင်းဆိုတာ အခု သူတို့ အသစ်လုပ်နေတယ်။ လေကြောင်းဦးစီးက။ ကျွန်တော်တို့ နားလည်တာက သူတို့က တကယ်ခေတ်မှီတဲ့ နည်းတွေနဲ့ မြေကိုထိန်းဖို့ ပထမ ကြံစည်တယ်လို့ ကျွန်တော်တို့ ကြားတယ်။ အဲဒီ မြေကိုထိန်းမယ့် ကုန်ကျစားရိတ်က လေယာဉ်ကွင်း တခုလုံး စီမံကိန်း တခုလုံး ကုန်ကျစားရိတ် ထက်တောင် ပိုနေတယ်လို့ ကျွန်တော်တို့ ကြားရတယ်ပေါ့။ ဒါပေမယ့် အခု မြက်ကို စိုက်လိုက်တဲ့ အတွက်ကြောင့် ကုန်ကျစားရိတ်က တော်တော် လေးကို သိသိသာသာ သက်သာသွားတယ်။ နောက် ရေရှည်မှာလည်း အကျိုးရှိတယ်။”
“နောက်ပြီးတော့ ကျွန်တော်တို့က မြက်က မြက်တင်စိုက်မှာ မဟုတ်ဖူး။ မြက်စိုက်ပြီးလို့ တနှစ်လောက် ကြာလို့ရှိရင် မြက်တွေကြားမှာ ကျွန်တော်တို့က ထင်းရူးပင်တို့၊ တောင်ဇလပ်ပင်တို့ စတဲ့ ဒေသ ခံ သစ်ပင် အကြီးကြီးတွေကိုပါ စိုက်မှာပေါ့နော်။ ဆိုလိုတာက မြက်ကို စိုက်ပြီး မြေထိန်းတယ်။ နောက် တဆင့်က သစ်တော ပြန်ဖြစ်လာဖို့ အတွက် မြက်ကိုပဲ အထောက်အကူ ယူပြီးမှ ပြန်စိုက်ကြတာ ပေါ့နော်။ အဲဒီလို အစီစဉ် လုပ်ထားတယ်။ မြက်က မြေထိန်းရုံတင် မကဘူး။ သစ်ပင် သစ်တော ဖြစ်ဖို့ အတွက်ပါ သူက အခြေခံ ကောင်းတခု ဖြစ်နေတာကို ကျွန်တော်တို့ တွေ့တယ်။”
ထိန်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော်ပါ။