ကျောက်မျက် ဆိုတဲ့ ဝေါဟာရအတွက် အနက်အဓိပ္ဗါယ်က ကျယ်ပြန့်ပါတယ်။ လှပသော၊ တန်ဖိုးထားသော၊ ဆွဲဆောင်မှုရှိသော ဘယ်အရာကို မဆို ကျောက်မျက်လို့ ခေါ်ဆိုချင်ကြပေမယ့် တကယ်တမ်း ကျောက်မျက်လို့ သတ်မှတ်ဖို့အတွက် သဘာဝ တွင်းထွက် ဖြစ်ဖို့ လိုပါတယ်။ လူလုပ်ပစ္စည်း မဖြစ်ရပါဘူး။ လှပမှု၊ ကြံ့ခိုင်တည်မြဲမှု နဲ့ ရှားပါးမှု ဆိုတဲ့ အရည်အချင်း ၃ ရပ် ရှိဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်မျက်လို့ သတ်မှတ်နိုင်တဲ့ တွင်းထွက်တွေ အများအပြား ရှိပြီး စိန်၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းနဲ့ ရောင်စုံကျောက်တွေ ကအစ ရှိပါတယ်။ ပတ္တမြားနီလာလောက် တန်ဖိုးမကြီးပေမယ့် လှပ ရှားပါးတဲ့ တွင်းထွက် တွေကိုလည်း ကျောက်မျက်လို့ သတ်မှတ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အဓိက ထွက်တဲ့ ကျောက်မျက်တွေက ဘာတွေပါလဲ။
တကယ်တမ်းပြောမယ် ဆိုရင် မြန်မာနိုင်ငံမှာ ကျောက်မျက် အစုံထွက်တယ် လို့ ပြောလို့ ရပါတယ်။ ချွင်းချက်အနေနဲ့ မြတော့ မထွက်ပါဘူး။ မထွက်ဘူးလို့ ပြောပေမယ့် ဒါဟာ မတွေ့သေးတာ ဖြစ်နိုင်သလို တကယ်မရှိတာလည်း ဖြစ်နိုင်ပါတယ်။ နောက် အိုပယ် Opal လို့ခေါ်တဲ့ တွင်းထွက်ကတော့ ကျောက်မျက်တန်းဝင် အိုပယ် ကို တော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် တချို့ နေရာတွေမှာ အိုပယ် မျိုးကွဲ အမျိုးအစား တချို့ကို တော့ တွေ့ရတယ် ဆိုတဲ့ သတင်းတွေတော့ ထွက်နေပါတယ်။ များများစားစား တွေ့တာတော့ မရှိသေးပါဘူး။ ဒီ ၂ မျိုးကလွဲရင် ကျောက်မျက် အမျိုးအစား အားလုံးနီးပါး မြန်မာ နိုင်ငံမှာ ထွက်တယ်လို့ ပြောလို့ ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ကျောက်မျက်တွေထဲက တန်ဖိုးအရှိဆုံး ကျောက်မျက်တွေက စပြီး ကြည့်ရအောင်ပါ။
တန်ဖိုးအရှိဆုံးကတော့ ပတ္တမြား၊ နီလာဟာ တန်ဖိုးအရှိဆုံးလို့ သတ်မှတ်လို့ ရပါတယ်။ ယေဘူယျ ပြောမယ် ဆိုရင် လူတိုင်းက စိန်ကို တန်ဖိုးကြီးတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ စိန်အနဲအကျဉ်းပဲ ထွက်ပါတယ်။ တပွင့်ချင်း ယှဉ်ပြောမယ်၊ တကလပ်ချင်း တလုံးချင်း ယှဉ် ပြောမယ် ဆိုရင် ပတ္တမြား ကို စိန်က မမှီပါဘူး။
မှတ်တမ်း တွေ အရပြောရင်လည်း တချို့ ဈေးကြီးပေ့ ဆိုတဲ့ စိန်နဲ့ ဈေးကြီးပေ့ ဆိုတဲ့ ပတ္တမြားကို ယှဉ်လိုက်မယ် ဆိုရင် တကလပ်နှုံးက တော်တော်ကြီးကို ကွာပါတယ်။ ပတ္တမြား နီလာက ပိုပြီးတော့ တန်ဖိုးကြီးနေတာကို တွေ့ရပါတယ်။
စိန်ထက်ကို အများကြီး ဈေးကြီးပါတယ်။ ဘာ့ကြောင့်လဲ ဆိုရင် ရှင်းရှင်း ပြောမယ် ဆိုရင် ပထမအချက်က ပတ္တမြားနီလာနဲ့ ယှဉ်ရင် စိန်က နဲနဲ ပေါပေါ များများ ရပါတယ်။ နောက်တချက်က စိန်က ပတ္တမြားနီလာနဲ့ စာရင် အရွယ်ကြီးကြီးကို ပိုတွေ့ရပါတယ်။ ပတ္တမြားနဲ့ နီလာမှာတောင် နီလာက အရွယ်ကြီးကြီးတွေ့ဖို့ ပိုလွယ်ပြီး ပတ္တမြားက အရွယ်ကြီးကြီး တွေ့ဖို့ ခဲယဉ်းပါတယ်။ ဒါ့ကြောင့် ပတ္တမြား အရည်သွေး ကောင်းကောင်း အရွယ်ကြီး ပြီ ဆိုရင် သူနဲ့အရွယ်စားတူတဲ့ စိန် ဒါမှမဟုတ် သူ့ထက် အရွယ်အစား ပိုကြီးတဲ့ စိန်ထက်ကို တန်ဖိုး အရမ်းများပါတယ်။ အဓိကကတော့ ရှားပါးလို့ပါ။ မြကလည်း အဲဒီ အတိုင်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်မှာက မြမထွက်ဖူးပေါ့။
အဲဒီတော့ တန်ဖိုးကြီးတဲ့ ကျောက်ဆိုရင် အဓိက ကတော့ ပတ္တမြား နဲ့ နီလာ နောက်တခါ ကျောက်စိမ်း။ ကျေက်စိမ်းကလည်း အဲဒီလိုပါပဲ။ တပွင့်ချင်း ယှဉ်မယ် ဆိုရင် ဈေးကြီးပေ့ ဆိုတာကို ယှဉ်မယ် ဆိုရင် တချို့ ကျောက်စိမ်းက စိန်ကို ကောင်းကောင်း မှီနိုင်ပါတယ်။ စိန်နဲ့ တန်ဖိုး ယှဉ်ရဲတဲ့ တွင်းထွက်တွေ ဖြစ်ပါတယ်။
ပတ္တမြားနဲ့နီလာလို အဖိုးတန်ကျောက်တွေကို မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ တွေ့နိုင်ပါသလဲ။
ပတ္တမြား နီလာကတော့ အားလုံး သိတဲ့ အတိုင်းပဲ အဓိက ထွက်တာကတော့ မိုးကုတ်ဒေသကတော့ အကောင်းဆုံးနဲ့ အများဆုံး ထွက်ပါတယ်။ ဒုတိအနေနဲ့ ပြောရရင်တော့ အရေးကြီးတာက မိုင်းရှုးပေါ့။ ကျွန်တော်တို့ တောင်ပိုင်းရှမ်းပြည်မှာ ရှိတဲ့ မိုင်းရှုး။ မိုင်းရှုးမှာ ပတ္တမြားထွက်တယ် ဆိုတာ သိတာကတော့ နှစ် အစိတ်လောက်ပဲ ရှိပါသေးတယ်။
နောက်တခုက ကချင်ပြည်နယ် ကျောက်စိမ်းတွင်းကို သွားတဲ့ လမ်းမှာ နမ့်ယားရွာ ရှိပါတယ်။ အဲဒီမှာ ရေဆိပ်ရှိတယ်။ နမ့်ယားဆိပ်ပေါ့ အဲဒီမှာလည်း ပတ္တမြား နီလာ ထွက်ပါတယ်။ အဲဒီမှာ ထွက်တယ်လို့ သိရတာ နှစ် တရာလောက် ရှိပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်း ၁၅ နှစ်အနှစ် ၂၀ မှာတော့ အဲဒီက ကျောက်တွေ ဈေးကွက်ထဲ ရောက်လာပါပြီ။ နောက်တွေ့ရတဲ့ နေရာတွေကတော့ မြောက်ပိုင်း ရှမ်းပြည် ပြင်လုံဒေသ၊ အဲဒီမှာတော့ ပတ္တမြားကို လတ်တလောမှာ များများ စားစား မထုတ်ပါဘူး။ အဲဒီဒေသဟာ နဲနဲလေး အလှမ်းဝေးတယ်။ အဓိကကတော့ အဲ့ဒါကြောင့်ပါ။ အခုနောက်ပိုင်း ကရင်ပြည်နယ်မှာလည်း တွေ့ပါတယ်။
အလားတူဘဲ ကျောက်စိမ်းတွင်း ဒေသမှာပဲ ဆိုပါစို့ ကချင်ပြည်နယ် မှာပါပဲ။ တနိုင်းမှာလည်း တွေ့ပါတယ်။ နောက်ကျနော်တို့ ဗမာပြည်မှာ တချို့ဒေသတွေမှာ ဘူမိဗေဒအားဖြင့် မလေ့လာ ရသေးတာတွေက တော်တော်များများ ကျန်ပါသေးတယ်။ အဲ့ဒီဒေသတွေမှာလည်း ပတ္တမြားတို့ နီလာတို့ လုပ်ကွက်အသစ်တွေ တွေ့ရဘို့ အလားအလာ အများကြီးရှိတယ်လို့ ကျနော်ယုံကြည်ပါတယ်။
ကချင်ပြည်နယ် မှာတွေ့ရတဲ့ ကျောက်စိမ်းကတော့ အထူးခြားဆုံးပါ။
ကျောက်စိမ်းကတော့ ကချင်ပြည်နယ်ပါဘဲ။ ဒါ့ကြောင့် ကျောက်စိမ်းနဲ့ ပတ်သက်လို့ ပြောရရင် ကျောက်စိမ်းတွေ့နိုင်တဲ့ နိုင်ငံက ငါးနိုင်ငံလောက်ဘဲ ရှိပါတယ်။ ပိုထူးခြားတာတော့ ဗမာပြည်မှာက ရည်အသွေးလည်း ကောင်းသလို အရည်အတွက် များများလဲထွက်ရှိပါတယ်။ အဲ့ဒါတခုကတော့ တော်တော်ထုူးခြားပါတယ်။ အဲ့ဒီတော့ ကျနော်တို့က စီးပွားရေးအရ ဘဲဖြစ်စေ ထုတ်လုပ်မူအရပဲ ဖြစ်စေ ပြောမယ်ဆိုရင်၊ ကျောက်စိမ်းနဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံကပဲ အဓိကထွက်တယ်လို့ ဆိုနိုင်ပါတယ်။
အဲ့ဒီမှာလဲ တခုပြောစရာ ရှိပါတယ်။ကျောက်စိမ်းလို့ သတ်မှတ်တဲ့ တွင်းထွက်က နှစ်မျိုးရှိပါတယ်။ တခုကတော့ ဂျေဒိုက် - Jadeite နောက်တခုက နက်ဖရိုက်- Nephrite ဆိုတာရှိပါတယ်။ နက်ဖရိုက်နဲ့ ဂျေဒိုက် ယှဉ်မယ်ဆိုရင် ဂျေဒိုက်ကတော့ တန်ဘိုးပိုကြီးပါတယ်။ ပိုလည်းလှတယ် ပိုလည်းမာတယ်၊ ကျနော်ပြောတာ ဂျေဒိုက်ကိုပြောတာပါ။ ဂျေးဒိုက်က ကမ္ဘာပေါ်မှာ ငါးနေရာလောက်ဘဲ တွေ့ရပါတယ်။ နက်ဖရိုက်ကတော့ ငါးနေရာ မကတွေ့နိုင်ပါတယ်။ တရုတ်ပြည်မှာလည်း တွေ့ပါတယ်။ ဂျေဒိုက်ကတော့ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံတခုထဲကပဲ ထွက်တယ်လို့ ဆိုနိုင်ပါတယ်။ အဓိကထွက်တာက ဖားကန့်၊ နောက်ခမ္မတီး ဒေသ ကတော့ စစ်ကိုင်းတိုင်းထဲမှာရှိပြီး ဒီဒေသတွေမှာ ကျောက်မျက်တန်းဝင်တဲ့ ဂျေဒိုက်ကို တွေ့ရပါတယ်။
ကျောက်မျက် ပညာရှင် ဦးတင်ကျော်သန်းပါ။ precious stones လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက် တန်းဝင် ကျောက်တွေ ဖြစ်တဲ့ ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်းတွေ အကြောင်း အဓိက ထားပြီး ပြောသွားတာပါ။ နောက်တပတ်မှာတော့ အဖိုးတန် precious stones ထဲမှာ ပါဝင်တဲ့ စိန် အပြင် ပတ္တမြား၊ နီလာ နဲ့ ကျောက်စိမ်းတွေလောက် တန်ဖိုး မကြီးပေမယ့် မြန်မာနိုင်ငံမှာ ထွက်တဲ့ semi precious stones လို့ ခေါ်တဲ့ ရှားပါး ကျောက်မျက်တွေ အကြောင်း ဆက်ပြီး ပြောပြပေးမှာပါ။